မေ/People’s Spring
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ခေါင်းချင်းဆိုင်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီးတဝိုက်ကို ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၉ရက် ဒီကနေ့မနက် ၁၁နာရီဝန်းကျင်မှာ နှစ်ကြိမ် လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်သွားတာလို့ သိရပါတယ်။
“ပြည်သူတွေက ရှောင်နေကြတော့ အထိခိုက်မရှိလောက်ဘူး။အခုထိတော့ အထိခိုက်သတင်းမရသေးဘူး။Mi-35နဲ့ ၂ကြိမ်တော့လာကြဲသွားတယ်”လို့ မတ္တရာမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ထန်းပင်ကုန်းကျေးရွာဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းက တိုက်ပွဲတွေအမြဲဖြစ်နေတဲ့ ကျောက်တံတားကျေးရွာရဲ့မြောက်ဘက်မှာရှိပြီး တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေဖြစ်ပါတယ်။
ထန်းပင်ကုန်းရွာအနီးမှာ စစ်တပ်နဲ့ PDF ရဲဘော်တွေ နီးနီးကပ်ကပ် တိုက်ပွဲဆိုင်ထားကြပြီး ညဘက်ဆို PDFတွေက ပစ်ခတ်တာတွေရှိတယ်လို့လည်း သိရပါတယ်။
“ဟိုဘက်၊ဒီဘက်က ခဲနဲ့လှမ်းထုလို့တောင်ရတယ်။လေကြောင်းလာရင်လည်းနှစ်ဖက်လုံးကကြောက်ရတာ။ပစ်ခတ်သံကတော့ ညတိုင်းပဲ။
PDFဖက်ကပဲစ ပစ်တာ”လို့ အခြေအနေကိုသိရှိသူတစ်ဦးကလည်း ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မှာ မတ္တရာမြို့နယ်အနောက်ခြမ်းက ဥဒိန်ရွာကိုလည်း စစ်တပ်က သိမ်းယူပြီးတဲ့နောက် ၁၀ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
၂၀၂၅ နှစ်စပိုင်းမှာတင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေပြီး မနေ့က မိုးကုတ်မြို့၊ဒီကနေ့မှာ မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။