ကဖေး/People’s Spring
ပုသိမ်-မုံရွာလမ်းမကြီးပေါ်နှင့် ဘေးပတ်ဝန်းကျင်များ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့်လမ်းမကြီးတလျောက်နှင့်လမ်းဘေး ကျေးရွာချင်းဆက် လမ်းများ အား ယာယီသွားလာခြင်းမပြုလုပ်ကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးချက်ထုတ်ပြန်သည်။
ဇန်နဝါရီ ၈ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာချင်းများ ဝင်ပေါက်များတွင် ကင်းပုန်းများချနေခြင်း၊ပုသိမ်-မုံရွာလမ်းမကြီးအနားမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း၊ ဒရုန်းများအသုံးပြု၍ ကျေးရွာများဝန်ကျင်များသို့ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျှက်ရှိသည်။ထိုစစ်ကြောင်းသည် ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့်ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မဂ်လာဘုန်းတော်ကြီးပညာသင်(ဘက)ကျောင်းတွင်း တပ်စွဲထားသည်ဟု သတိပေးထားသည်။
ထို့ကြောင့်ပုသိမ်-မုံရွာလမ်းမကြီးပေါ် နှင့် ဘေးပတ်ဝန်းကျင်ရှိကျေးရွာ၃၉ ရွာကို စစ်ရေးသတိပြုနေထိုင်ကြရန် သတိပေးထားသည်။
အဆိုပါ ရွာများမှာ ကန်တုတ် ၊လက်ပံတံခါး ၊ရှမ်းတပ်တိုက်နယ်အတွင်းရှိ ကန်တုတ်၊ ဆောင့်ညှောင်၊ ကန်နီ ၊လက်ပံတံခါး၊ကဒေါင်းဇောက်၊လိန်ကျော၊ သရက်အုပ်၊မြို့သစ်၊စျေးကြီး၊အောက်ကိုင်း၊ ချင်းကုန်း၊မြောက်မျှားကုန်း၊ရွာပုလဲ၊ရေငံ၊စစ်စစ်ယို၊ ငါးဘတ်အိုင်၊ရွေချောင်း၊သီးကုန်း၊ကျောက်ထပ်၊ဆင်ဖြူကန်၊လှေ့စဥ်၊ဆုံကုန်း၊ ခါးဇက်၊ သက္ကယ်မြောင်၊သခွက်ရင်း၊သဲကြီးကုန်း၊မဒိုင်း၊ကိုင်းငယ်ကြီး၊ကိုင်းငယ်လေးရှမ်းတပ်ကြီး၊ဘန့်ပြင်၊စမ်းလယ်၊မီးလောင်ကုန်း၊မကြီးကုန်း၊ကုန်းပေတော၊ကန်ကျော၊ကတဲ၊ရေကျော်နှင့်ကြက်ဆူကုန်း ရွာတို့ဖြစ်သည်။
“တော်တော်များများကတော့ ရွာမှာပဲနေပြီး အခြေနေကိုစောင့်ကြည့်နေကြတယ်။ စစ်ကြောင်းအသွားအလာကိုသတင်းနားစွင့်ပြီး အချင်းချင်းသတိပေးနေကြရတယ်။ လေကြောင်းအန္တရာယ်ကိုတော့ကြောက်တယ်”ဟု ပုသိမ်-မုံရွာလမ်းမကြီးဘေး ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးကပြောသည်။
ရဲစခန်းနှင့် စစ်ကောင်စီဂိတ်များအနီး၌ နေထိုင်သူများ နေရာရွှေ့ပြောင်းကြရန်လည်းအထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးထားသည်။
လိုအပ်ချက်များ၊စစ်ရေးသတင်းများနှင့်လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများအား ရပ်ကျေးတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်ဆောင်ရွက်ကြရန်လည်းတိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းချိတ်ဆက်ထားသောလမ်းပိုင်းများနှင့်ပုသိမ်-မုံရွာလမ်းပိုင်းကိုလာရောက်ပိတ်ဆို့တပ်စွဲသည့် စစ်ကောင်စီတပ်နှင့်အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် အောက်တိုဘာလကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင်ပုသိမ်-မုံရွာလမ်း၌ စစ်ရေးတင်းမာနေသလို ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းတွင်း ရွှေသောင်ယံမြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲများဖြစ်နေသည်။