စက်တင်ဘာ-၁၇၊၂၀၂၅။လူအေး/People’s Spring
မကွေးတိုင်း၊ အထက်မင်းလှမြိုနယ် နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များအပါအဝင် စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများနေကြောင်း သတင်းရရှိသည်။
“ငဖဲကနတ်ရေကန်အပေါ်ဘက်မှာဖြစ်သလိုကျနော်တို့ကအောက်ဖက်ပြောရမှာပေါ့။တိုက်ပွဲတွေဆက်ဖြစ်နေတယ်။အလင်းဝင်တာတွေရှိသလိုရန်သူဘက်ကအသေအဆုံးတွေလည်းရှိပါတယ်”ဟုအထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Upper Minhla PDF)နှင့်နီးစပ်သူတဦးကပြောသည်။
တိုက်ပွဲသည်နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်အပြင် ဒေသတွင်းရှိပုသိမ်-မုံရွာကားလမ်းပိုင်းများတွင်လည်း ပြင်းထန်နေကြောင်းသတင်းရရှိသည်။

Public Service Announcement
စက်တင်ဘာလ ၁ရက်မှ စက်တင်ဘာလ ၁၆ရက်အထိတိုက်ပွဲတွင်စစ်ကောင်စီဘက်မှသေဆုံးသူ ၃၀ ဦးခန့်ရှိသည်ဟုအထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
စစ်တပ်က နတ်ရေကန်ဗျုဟာနှင့် အမ်း-ပဒါန်းလမ်းအပါအဝင်ရခိုင်နှင့် ဆက်စပ်နေသော ဧရာဝတီ၊ မကွေး၊ ပဲခူးနယ်စပ်ဒေသများသို့ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇)လက်အောက်ခံတပ်ရင်းများ ဖြစ်သည့် ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများကို အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
စကခ-၁၇ လက်အောက်ခံတပ်ရင်းများအပြင် စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားသူများကို ပို့ဆောင်ကာ ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေသည်ဟု အာရက္ခတပ်တော်(AA)က စက်တင်ဘာလ၁၀ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ငဖဲမြို့နယ်အတွင်း နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၌ စက်တင်လာလပထမပါတ်အတွင်းဖြစ်ပွားနေသောတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဘက်၌ ၇၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။
စစ်ကောင်စီစစ်ကြောင်းများဝင်လာ၍ ပုသိမ်-မုံရွာကားလမ်းဘေး ရွာများ၊ မင်းလှရေနံမြေများအနီးရှိသည့် ကျေးရွာများမှ ဒေသခံများကိုတိမ်းရှောင်နေရသလို လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရေးစာရေးအခက်အခဲများကြုံတွေ့နေသည်ဟု မင်းလှ မြို့ခံတစ်ဦးကပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထောက်အပံ့ပေးတာရှိတယ်။ လုံလောက်မှုတော့လုံးဝမရှိဘူးလေ။ ဒီဘက်မှာကြတော့ အဆက်အသွယ်တွေပြတ်နေသလိုဖြစ်တယ်။ ဒေသခံတွေတော်တော်လေးဒုက္ခရောက်နေကြရတယ်”ဟု စစ်ဘေးရှောင်နေရသည့် အဆိုပါမြို့ခံကပြောသည်။
အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပူးပေါင်းတပ်များသည် နတ်ရေကန်ဗျူဟာသို့ သွားလာနိုင်သည့် အမ်း-ပဒါန်းလမ်းပိုင်းနှင့် ပုသိမ်-မုံရွာ လမ်းပိုင်းအား အသုံးပြုသွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖြတ်တောက်တိုက်ခိုက်နေကြပြီးစစ်ကောင်စီကလေကြောင်းမှမကြာခဏ ဗုံးကြဲနေသည်။
ပြီးခဲ့သည့်မတ်လကုန်မေလကုန်ထိတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ ဦးထက်မနည်း ဒဏ်ရာရကာ ၂၅ ဦး သေဆုံးခဲ့သည်ဟု အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။
တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ စစ်ရေးအခြေအနေနှင့် လေကြောင်းအန္တရာယ်၊လက်နက်ကြီးအန္တရာယ်တို့ကို သတိပြုကြရန်၊ ပုသိမ်-မုံရွာ လမ်းပိုင်းအား အသုံးပြု သွားလာနေကြသော ဌာနေပြည်သူများ၊ ကုမ္ပဏီဝန်ထမ်းများ၊သွားလာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူများ၊ လူမှုရေးအဖွဲ့များ အနေဖြင့် စစ်ကောင်စီစစ်ကြောင်းများကိုသတိထားရန်၊ တော်လှန်ရေးတပ်များ၏ထုတ်ပြန်ချက်များကိုလိုက်နာရန် တိုက်တွန်းထားသည်။


















































