Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့် အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖိဖိစီးစီး တိုက်ဖျက်ဖို့ အာဆီယံကို တရုတ်တောင်းဆို

ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖိဖိစီးစီး တိုက်ဖျက်ဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေကို တရုတ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယီ ။ ဓါတ်ပုံ-FMPRC

ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖိဖိစီးစီး တိုက်ဖျက်ဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေကို တရုတ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အာဆီယံ အဖွဲ့ထဲက သက်ဆိုင်ရာ နိုင်ငံတွေဟာ ဆိုက်ဘာ လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်မယ့် အစီအမံတွေ ချမှတ် လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေဟာ အဲဒီကိစ္စကို သေသေချာချာ ပခုံးထမ်း တာဝန်ယူဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်စပ်၊ မြန်မာဖက်ခြမ်းမှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသားတွေ လူမှောင်ခို ကူးခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ပေါ်ပေါက်လာတဲ့နောက် တရုတ် အစိုးရဆီက အခုလို သတိပေးမှုမျိုး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တချို့နဲ့ တွေ့ဆုံချိန်မှာ ဝမ်က တရုတ် အနေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ နိုင်ငံအားလုံးမှာ လုံခြုံဘေးကင်းစွာ လည်ပတ်သွားလာနိုင်တဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးနိုင်ရေး အကူအညီပေးဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ မြန်မာ အပါအဝင် အာဆီယံ ဒေသတွင်း နိုင်ငံတချို့မှာ ကျားဖြန့်ဂိုဏ်းတွေ ပိုပြီး အတင့်ရဲလာတဲ့အပြင် လူမှောင်ခိုမှုတွေ မြင့်တက်လာနေတဲ့ အခြေအနေအပေါ် အန္တရာယ် တစ်ခုအဖြစ် ရှုမြင်နေပြီး အာဆီယံ နိုင်ငံတွေနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ အရေးတကြီး မြှင့်တင်ဖို့ လိုလားနေပါတယ်။

ထိုင်းအပါအဝင် အာဆီယံ နိုင်ငံတချို့အတွက် ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပြန်လည် နာလန်ထူလာတဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ရေးက အထူးအရေးပါတဲ့ လိုအပ်ချက်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား လူမှောင်ခို ကူးနေတယ်ဆိုတဲ့ သတင်းတွေဟာ ထိုင်းကို အလည်အပတ် သွားရောက်မယ့် တရုတ်နိုင်ငံသားတွေကို တွန့်ဆုတ်သွားစေခဲ့ပါတယ်။

ထိုင်းလွှတ်တော် အမတ်တွေကလည်း နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပုံရိပ်ကို အလျင်အမြန် အဖတ်ဆယ်နိုင်ဖို့ဆိုရင် လက်ရှိ ကြုံတွေ့နေတဲ့ ပြဿနာတွေကို ထိထိရောက်ရောက် အဖြေရှာ ရှင်းလင်းဖို့ လိုအပ်နေပြီလို့ သဘောတူထားကြပါတယ်။

ထိုင်းဟာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာဖက် နယ်စပ်မှာရှိတဲ့ မြဝတီမြို့ထဲမှာ ချုပ်နှောင်ခံထားရသူ တရုတ်နိုင်ငံသား ၉၀၀ လောက်ကို လွတ်မြောက်အောင် ညှိနှိုင်း ကူညီပေးခဲ့ကြောင်း သိရပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို