ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA)တို့အကြား နမ့်ဖက်ကာဒေသအပါအဝင် ရှမ်းမြောက်နေရာဒေသအချို့၌ နယ်မြေဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ပြဿနာပိုမိုမကြီးလာစေရေး ဆွေးနွေးညှိနှိုင်းရန် ရှမ်းမြောက်ဒေသရှိအဖွဲ့ တာဝန်ရှိသူများအား ပြောဆိုထားကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။
KIA တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁၀)တို့ အခြေစိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့၌ မြေပြင်တပ်ဖွဲ့များ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းအပေါ် KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံက ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။
“TNLAနဲ့ ဖြစ်တဲ့ကိစ္စတွေက ကျနော်တို့လည်း သွေးထွက်သံယိုမဖြစ်အောင် ပြဿနာကြီးမဖြစ်အောင် ဆွေးနွေးဖို့ သက်ဆိုင်ရာ အဲဒီက လူကြီးတွေကို ပြောထားတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
ယခုရက်ပိုင်းများအတွင်း နှစ်ဖက်တပ်များအကြား ပွတ်တိုက်မှုများရှိသော်လည်း ကြီးမားသည့် ပြဿနာဖြစ်ပွားမှု မကြားရသေးဟု ၎င်းက ဆိုသည်။
“အဓိကကတော့ TNLAကတော့ သူတို့ တိုက်ပြီးမှ ရထားတဲ့နယ်မြေဖြစ်ပါတယ်။ ခင်ဗျားတို့ ဒီမှာစခန်းမထိုင်ရ မဖြတ်ရ၊ ဒီဘက်မနေရ ဆိုပြီးမှ တားမြစ်ကြတာ။ ဒါကြောင့် ကျနော်တို့ ရုံးတွေ ၊ ဂိတ်တွေကို သူတို့က ဖျက်ဆီးလိုက်တာ။ အဲဒါကြောင့် ကျနော်တို့ ရဲ့ ရှေ့တန်းက ရဲဘော်တွေက အဲဒါကို မခံနိုင်လို့ အဲဒီလိုမျိုး ပွတ်တိုက်မှုတွေဖြစ်တာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လက်ရှိ အခြေအနေများအရ လက်နက်နှင့် နေရာချဲ့ထွင်ရယူသည့် ခေတ်မဟုတ်တော့ဟုလည်း ပြောပြသည်။
ထို့အပြင် နယ်မြေဒေသနှင့်ပတ်သက်သည့် နိုင်ငံရေးဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ညီလာခံများတွင် ဆွေးနွေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ လက်နက်နဲ့ ခြိမ်းခြောက်ပြီးတော့ နေရာယူတာမျိုးက အခုခေတ်က အဲဒါမျိုးနဲ့တော့ မရဘူး။ ဒါတစ်ချက်။ ဒုတိယ တချက်က အဲဒီရှမ်းမြောက်ဒေသမှာကတော့ ကချင်ပြည်သူလူထုနဲ့ ရှမ်းပြည်သူလူထုရဲ့ သဘောထား မရှိလို့ရှိရင်တော့ ထောက်ခံမှု မရှိလို့ရှိရင်တော့ ကိုယ့်ရဲ့နယ်မြေ ၊ ကိုယ့်ရဲ့ ပြည်နယ် ကိုယ့်ရဲ့ဒေသဆိုပြီး သတ်မှတ်ယူဖို့ဆိုတာ အခက်အခဲတွေအများကြီးရှိမှာပါ။ဒါကြောင့် ကချင်လူထုတွေရှမ်းလူထုတွေရဲ့ ကူညီထောက်ပံ့မှုတွေ သူတို့ရဲ့ ထောက်ခံမှုတွေကတော့ ယူရမှာ ဖြစ်ပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထိုသို့ ထောက်ခံမှု ရရှိနိုင်ရန် နိုင်ငံရေးဆွေးနွေးသည့် ညီလာခံတစ်ခုခု၌တောင်းဆိုရမည်ဖြစ်ပြီး ဆွေးနွေးကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒါမဟုတ်ဘဲ အခုလိုမျိုး လက်နက်တကဲကဲနဲ့ ပဲ နေရာတွေကိုချဲ့ထွင်ဖို့ဆိုတာက အဆင်မပြေနိုင်ဘူးလို့ အဲဒီလို ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
TNLAနှင့် KIAအကြား ပြဿနာဖြစ်ပွားမှုနှင့်ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ယနေ့နှင့် ပြီးခဲ့သည့် ရက်များအတွင်းက ဆက်သွယ်မေးမြန်းသဘောထားမှတ်ချက်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။
TNLA နှင့် မဟာမိတ်များသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲကာ စစ်ကောင်စီတပ်စခန်းများနှင့်မြို့များ သိမ်းယူခဲ့ရာ TNLAက ရှမ်းမြောက်ရှိ မြို့ ၁၂မြို့ကို သိမ်းရထားသည်။ KIA အနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေး မစခင်ကတည်းက ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ရာ နမ့်ဖက်ကာဒေသလည်း ပါဝင်သည်။
လက်ရှိတွင် KIAနှင့် TNLAအကြား နယ်မြေဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားနေသည့် ဒေသများမှာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ၊ မူဆယ်ခရိုင် နမ့်အွမ် ၊ နမ့်ခမ်းမြို့နယ် မုံးဝီးနှင့် မန်တုံမြို့နယ် ပန်ခါလေးဒေသတို့ဖြစ်သည်ဟု ကချင် စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။
“ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖြေရှင်းလို့မရရင် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်ပေါ်လာနိုင်ပါတယ် ၊ နောင်လာနောက်သားများအတွက် သမိုင်းကောင်းရေးထားဖို့လိုပါတယ်။ အပြန်အလှန်လေးစားမှုက အရေးအကြီးဆုံးပါ “ဟု ဦးဇော်ဆန်က ပြောသည်။
KIAနှင့် TNLA နှစ်ဖက်တပ်များအကြား ပြဿနာနှင့်ပတ်သက်၍ KIA အရာရှိတစ်ဦးက “ ကျနော်တို့က ရန်သူမလိုချင်ဘူး၊ မိတ်ဆွေပဲလိုချင်တယ်။ ဒါပေမဲ့ ကျနော်တို့က ပြဿနာကို မကြောက်ဘူး။ ဖြစ်လာရင်လည်း ကျနော်တို့က ရင်ဆိုင်ရဲတယ် ကျနော်တို့ KIAက ပွင့်ပွင့်လင်းလင်းပဲပြောတာ”ဟု ဇန်နဝါရီ ၂၇ရက်တွင် ပြောထားသည်။
ထို့အပြင် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြသည့် တိုင်းရင်းသားလူမျိုးစုများအကြား မည်သည့် ပြဿနာမှ မဖြစ်လိုဘဲ စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်နေသည်ဟုလည်း KIA အရာရှိက ပြောသည်။
“ ပလောင်လူမျိုးသော်လည်းကောင်း၊ ရှမ်းလူမျိုးသော်လည်းကောင်း၊ ကချင်လူမျိုးသော်လည်းကောင်း၊ ဗမာ်လူမျိုးသော်လည်ကောင်း အခြားသော တိုင်းရင်းသားပေါင်းစုံသော်လည်းကောင်း ကျနော်တို့က ဘာပြဿနာမှလည်းမဖြစ်ချင်ဘူး။ အခုကျနော်တို့ ဖြစ်ချင်တာက စစ်အာဏာရှင်ကို ဖြုတ်ချရေး၊ ပြီးတော့ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံကို သူများ အိမ်နီးနားချင်းနိုင်ငံလို တိုးတက်တဲ့နိုင်ငံဖြစ်စေချင်တယ်။ ဘယ်နိုင်ငံရဲ့ ဩဇာခံလည်း ကျနော်တို့ မဖြစ်ချင်ဘူး”ဟု KIA အရာရှိက ပြောသည်။
PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကလည်း ဇန်နဝါရီ ၁၂ရက်က ကျင်းပခဲ့သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်း၌ ဒေသတွင်း ပြဿနာအချို့ ဖြေရှင်းနိုင်ရေး အကောင်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
“PSLF/TNLA တအာင်းတပ်မတော်နဲ့ မဟာမိတ်အွဲ့အစည်းများ ဒေသတွင်းရှိ လူမျိုးပေါင်းစုံ ပြည်သူများရဲ့ ကြိုးစားအားထုတ်မှုတွေကနေ ရရှိလာတဲ့ အောင်မြင်မှု အသီးအပွင့်တွေကို တန်ဖိုးထားမြတ်နိုးသလို အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေကိုလည်း အသိအမှတ်ပြု တန်ဖိုးထားသွားရမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောကြားခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုအချင်းချင်း မိတ်ဖက်နိုင်ငံရေးနည်းလမ်းနှင့် ဒေသတွင်း ပြဿနာများ ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။
“ဒါမှသာ တော်လှန်ရေးကာလအတွင်း ဘုံရန်သူရဲ့ တိုင်းရင်းသားအချင်းချင်း စည်းလုံးမှု ပျက်ပြားရေး မဟာဗျူဟာ အသက်ဝင်မလာမှာ ဖြစ်တယ်”ဟု TNLA ဥက္ကဋ္ဌက ပြောသည်။
TNLAအရာရှိငယ် တစ်ဦးကလည်း “ဘုံရန်သူအားနည်းသွားရင် မဟာမိတ်ပြဿနာပိုကြီးထွားလာမယ်၊ ပြီးတော့ လက်နက်ကိုင် ပွတ်တိုက်မှုဆိုတာ အရင်ကလည်းရှိခဲ့တယ်။ အခုလည်းရှိနေတယ်။ နောင်လည်းအနည်းနဲ့အများရှိနေမှာပဲ။ ဒါပေမယ့် လက်နက်ကိုင်ပွတ်တိုက်မှုကနေ အမျိုးသားရေးပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဖို့အရေးကြီးတယ်”ဟု ယမန်နေ့တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။
နယ်မြေအငြင်းပွားမှုများကို အမြန်ဖြေရှင်းရန်လိုအပ်ပြီး မဖြေရှင်းနိုင်ပါက ယင်းနယ်မြေအငြင်းပွားမှုကြောင့်ပင် လူမျိုးရေး မုန်းတီးမှု ၊ မလိုလားအပ်သည့် လူမျိုးရေး ပဋိပက္ခများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဦးဇော်ဆန်က ပြောကြားသည်။
