တရုတ် အစိုးရရဲ့ ဒုတိယ ဝန်ကြီးတစ်ဦးဟာ ကျားဖြန့်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဒီကနေ့ (ဇန်နဝါရီ ၂၈ ရက်နေ့မှာ)သွားရောက်မယ်လို့ သိရပါတယ်။
တရုတ်အစိုးရပြည်သူ့လုံခြုံရေးဒုတိယ ဝန်ကြီးဖြစ်သူ လျူကျန်ကျိဟာ ကိုယ်စားလှယ် အဖွဲ့တစ်ခုကို ဦးဆောင်ပြီး တက်ခ်ခရိုင်ရဲ့ မဲဆောက်မြို့ဆီ ဇန်နဝါရီ ၂၈ ရက်မှာ သွားရောက်မယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ မဲဆောက် တစ်ဖက်ခြမ်း မြန်မာနိုင်ငံ ပိုင်နက်ထဲက ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ချိုးနှိမ် တိုက်ဖျက်နိုင်ရေးကိစ္စ အမြင်ဖလှယ်ဖို့၊ မြဝတီမြို့နယ်ထဲမှာ ကျားဖြန့်ဂိုဏ်းတွေရဲ့ထိန်းသိမ်းခြင်း ခံထားရသူ လူမှောင်ခိုမှု သားကောင်တရုတ်နိုင်ငံသား ၁၆၀ ကို ကယ်ထုတ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာတော့ ထိုင်းနဲ့ တရုတ်တို့ ပူးပေါင်းပြီး လူမှောင်ခိုမှုတွေကို တိုက်ဖျက်မယ့်အစီအမံတွေနဲ့အဲဒီရည်မှန်းချက်ကို ကိုင်တွယ်မယ့် ကွပ်ကဲရေး စင်တာတွေ ထားရှိဖို့ ကိစ္စတွေ ပါဝင်မယ်လို့လည်း သိရပါတယ်။

Public Service Announcement
ဒီအတောအတွင်း မြဝတီဖက်မှာရှိတဲ့ကရင် နယ်ခြားစောင့်တပ် (BGF)ရဲ့ အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက ကယ်ဆယ်ရရှိထားတဲ့ လူမှောင်ခိုမှု သားကောင် ၄၇ ယောက်ကိုထိုင်းအာဏာပိုင်တွေဆီ လွှဲပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ၄၇ ဦးကို ဇန်နဝါရီ ၂၉ ရက်နေ့ကျရင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ ထိုင်းဖက်ကို ပြန်လွှဲပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ကျင်က မဲဆောက်ကနေတဆင့် မြန်မာပိုင်နက်ထဲမှာရှိတဲ့ ကျားဖြန့် ဂိုဏ်းတွေဆီ လူကုန်ကူး ခံခဲ့ရတဲ့ဖြစ်စဉ်နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်က ဒုစရိုက် ဂိုဏ်းတွေအပေါ် တရုတ် အစိုးရရဲ့ အာရုံစိုက်မှုက မြင့်တက်လာခဲ့ပါတယ်။
ဝမ်ဟာ ရက်ပိုင်းအကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံသားတွေ သွားရောက်ဖို့ မလုံခြုံတဲ့ နေရာတစ်ခုအဖြစ် လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန် ပြောဆိုမှုတွေ ပျံ့နှံ့လာခဲ့ပြီး ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက်ပါ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လာပါတယ်။
အခုတော့ တရုတ်ဟာ အစိုးရ အဖွဲ့ဝင် ဒုတိယဝန်ကြီးတစ်ဦးကိုပါထိုင်း-မြန်မာ နယ်စပ်နား စေလွှတ်တဲ့ထိ ကျားဖြန့်ကိစ္စကို အလေးထားတုံ့ပြန်လာတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ဖိအားပေးမှုတွေနဲ့အတူ တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေ ဖြိုခွင်းတာ ခံခဲ့ရပေမယ့် မြဝတီမှာရှိတဲ့ ရွှေကုက္ကို၊ ကေကေပက်ခ် ဒေသတွေမှာတော့ တရုတ် နိုင်ငံသားတွေဖွင့်လှစ်ထားတဲ့အွန်လိုင်း လောင်းကစားဝိုင်းတွေ၊ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ထူထူထပ်ထပ် ရှိနေဆဲ ဖြစ်ပါတယ်။
