ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့၊ မြသိန်းတန်စေတီအနီးမှာ စစ်ကောင်စီရဲ့စစ်ကိုင်းတပ်မ(၃၃) လက်အောက်ခံ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ဒီကနေ့ (ဇန်နဝါရီ ၂၉ )မနက်အထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဇန်နဝါရီလ၂၇ရက်နေ့ မင်းကွန်းရွာကိုတပ်စွဲထားတဲ့စစ်ကြောင်းဟာ ရှားစောင်းကျေးရွာကနေ မြောက်ဘက်ကို အင်အား၇၀လောက်နဲ့စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပါတယ်။ ရှားစောင်းကျေးရွာဟာ မြသိန်းတန်စေတီအနီးမှာရှိတာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို မြသိန်းတန်စေတီရဲ့ မြောက်ဘက်မှာတော်လှန်ရေးတပ်တွေက မိုင်းဆွဲလိုက်ပြီးတဲ့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဝက်လက်မြို့နယ်၊ဗိုလ်ကျားကြီးတော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။

Public Service Announcement
“အခုလည်း ကျွန်တော်တို့အဖွဲ့တွေကာထားတယ်။စစ်တပ်ကတော့ မြသိန်းတန်မှာရှိနေတယ်။မြောက်ဘက်ကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာတွေတော့အများကြီးရှိတယ်”လို့ ဗိုလ်ကျားကြီးကပြောပါတယ်။
ဇန်နဝါရီ ၂၉ ရက်မနက်ပိုင်းမှာ စစ်တပ်ကမြသိန်းတန်စေတီဘက်ကနေ မြောက်ဘက်က ကင်းရွာဘက်ကို လက်နက်ငယ်တွေနဲ့ပစ်ခတ်နေတယ်လို့ဆိုပါတယ်။
“ဆက်ထိုးလာရင်တော့ အထိ အတွေ့ဆက်ဖြစ်ဖို့ရှိတယ်။အသေးစိတ်တော့ ပြောလို့မရသေးပါဘူး “လို့ဗိုလ်ကျားကြီးကဆက်ပြောပါတယ်။
မင်းကွန်းမြို့ကို စစ်တပ်ကမကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး ၂၀၂၄ခုနှစ်ဇူလိုင်လ၂၄ရက်နေ့ကလည်း မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ကျောင်းဘေးကနေအိမ်တွေ နဲ့ မြသိန်းတန်ဘုရားအနီးကနေအိမ်၃၀လောက်ကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
