ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် သင်္ကန်းဝတ် ပျူခေါင်းဆောင် ဝါသဝ ၏ အဖွဲ့ကို တိုက်ခိုက်ရာ သေ နတ်ငါးလက် ရရှိကြောင်း ကန့်ဘလူခရိုင်တပ်ရင်း-၄ က ထုတ်ပြန်သည်။
ထိုတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲ ပြီး မြေပြင်စစ်ကြောင်းထိုးတုံ့ပြန်ခဲ့ရာ ပြည်သူသုံးဦး သေဆုံးပြီး နေအိမ် အလုံး ၄၀ ခန့်ကို မီးရှို့ခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက်က ချင်မြစ်ကျင်းပျူစောထီးအထိုင်စခန်းမှ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းကို ကင်းယူရန် ထွက်လာသည့် စစ်ကောင်စီ နှင့် ပျူစောထီး ရှစ်ဦးကို ညောင်ပင်ဆိပ်ရွာမြောက်ဘက်အရောက်တွင် ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်းနှင့် နယ်မြေခံ ပကဖများ ပူးပေါင်း၍တိုက်ခိုက်ခဲ့သည်။

Public Service Announcement
စစ်ကောင်စီ နှင့် ပျူစောထီး လေးဦး သေဆုံးပြီး G3 သေနတ်သုံးလက်၊ကာဘိုင်သေနတ် နှစ်လက် သိမ်းဆည်းရရှိကာ ပူးပေါင်း တော်လှန်ရေးအဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမရှိဟု ဆိုသည်။
စစ်ကောင်စီအဖွဲ့ဝင်များသေဆုံးမှုနှင့်တိုက်ခိုက်မှုကို လူထုနွေဦးက ကန့်ဘလူခရိုင်တပ်ရင်း၄ ထံ ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။
ပျူစောထီးများ တိုက်ခိုက်ခံရပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နံနက် ၁၀ နာရီခန့်ဝန်းကျင်တွင် စစ်တပ်က ငါးရာနဲရွာ၊ ဖလံချိုင်ရွာ၊ သရက်ကောင်းရွာ၊ ရင်ဂါတ်ကုန်းရွာ၊ လက်ထုတ်ကုန်းရွာနှင့် ပေကြီးရွာတို့ကို ဒရုန်းဖြင့်ဗုံးကြဲခဲ့ပြီး ပြည်သူသုံးဦး သေဆုံးခဲ့ကာ ငါးဦးထိခိုက်ခဲ့ကြောင်းကန့်ဘလူခရိုင်တပ်ရင်း၄က အသိပေးသည်။
ထို့အပြင်ကျီးကုန်းရွာမှ ထွက်လာသောစစ်ကောင်စီ နှင့် ပျူစောထီး စစ်ကြောင်းသည် သပိတ်မှောက်ရွာအားမီးရှို့ဖျက်ဆီးရာ ပြည်သူပိုင်နေအိမ် ၃၇ လုံးမီးလောင်ခဲ့ရသည်ဟု ဆိုသည်။
“ဝါသဝ ပျူတွေကြီးစိုးတဲ့ကန့်ဘလူအနောက်ဘက် ခြမ်းကရွာတွေပေါ့။သူတို့တိုက်ခံရတဲ့ ကာဘိုး ရွာနဲ့ အနီးဆုံးက ရွာတွေကို ဗုံးကြဲ မီးရှို့ခဲ့တာ”ဟု ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။
ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊တန့်ဆည်မြို့နယ် မြောက်ခြမ်းနှင့် ကျွန်းလှမြို့နယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာ ၂၀ ကျော်ကို ဝါသဝ ကဦးဆောင်၍ ပျူစော ထီး ပြည်သူ့စစ်များကို အင်အားအများအပြားဖြင့်ဖွဲ့စည်းထားကြောင်းလည်းသိရသည်။
ထို့အပြင် ယခုလပိုင်းအတွင်း ကန့်ဘလူမြို့နယ်၌ ဝါသဝ နှင့် စစ်ကောင်စီပူးပေါင်းကာ အမျိုးသားများ အပါအဝင် အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် အဓမ္မ စုဆောင်းမှုများရှိနေကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
