ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် (၄၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၅ရက်) သတင်းထုတ်ပြန်သည်။
အဆိုပါ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၄ရက်နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့ နေ့လည်ပိုင်း၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး တစ်ဦး နှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၂၉) ဦး သေဆုံးခဲ့ရကာ (၂၉) ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

Public Service Announcement
မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ၃ဦး ကျဆုံးကာ ၃၃ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။ မဲပလီဗျူဟာကို KNLA၊ PDF၊ BPLAနှင့် FFD တပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းစခန်း၌ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာ (၂) မှူး ဗိုလ်မှူးကြီး သက်လွင်ဦး နှင့် အမှတ် (၄၀၅) ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး တို့ ဦးစီး တပ်စွဲထားခြင်းဖြစ်သည်။ဖမ်းမိစစ်သုံ့ပမ်းများ၌ ဗိုလ်ကြီး (၁) ဦး၊ တပ်ခွဲတပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ်ကြီး (၄)ဦး၊ တပ်ကြပ် (၅)ဦး၊ ဒုတပ်ကြပ် (၄) ဦး နှင့်တပ်သား (၁၄) ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၁၃ဦး ရှိသည်ဟု ဆိုသည်။
မဲပလီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ထွက်ပြေးသွား၍ လိုက်လံရှင်းလင်းနေကြောင်း စခန်းသိမ်းတိုက်ခိုက်မှု၌ပါဝင်သည့် PDF စစ်ကြောင်းဖြစ်သည့် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူး စထွန်းဇော်က ပြောပြသည်။
“တပ်ရင်းမှူး ၊ ဗျူဟာမှူး အပါအဝင် ၂၀ကျော်ထွက်ပြေးနေလို့ လိုက်လံဖမ်းဆီး ရှင်းလင်းနေပါတယ်”ဟု တပ်ရင်းမှူး စထွန်းဇော်က ပြောကြားထားပြီး နောက်ဆက်တွဲ အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲ၌ ရရှိခဲ့သည့် လက်နက် ၄၂ လက်အနက် ဟောင်ဝစ်ဇာ လက်နက်ကြီး ပါဝင်ပြီး လက်နက်ကြီး ကျည် (၁၃၃)လုံး၊ လက်နက်ငယ်ကျည် တစ်သောင်း ခုနစ်ထောင်ကျော်(၁၇၀၀၀ ကျော်) နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းရခဲ့သည်ဟုဆိုသည်။
အဆိုပါ တပ်စခန်း စတင်တိုက်ခိုက်သည့်အချိန်မှ အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်သည်အထိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လေယာဥ် Jet Fighter ဖြင့် (၃၃) ကြိမ် Y−12 Drock Bowm ဖြင့် (၁)ကြိမ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ အမှတ် (၃) ခြေမြန်တပ်ရင်းမှ ၁၅၅ မမ လက်နက်ကြီး ဖြင့် (၃) ကြိမ် စစ်ကူပစ်ပေးသည့်အပြင် Y−12 ထောက်ပို့ဖြင့် လက်နက်ကျည်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ (၁၂) ကြိမ် လာရောက်ချပေးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ် ကာလအတွင်း အရပ်သားပြည်သူများမှ အသက်အန္တရာယ်စိုးရိမ်ကြောက်ရွံမှုကြောင့် ဘီးလင်းမြို့နယ် မဲပလီ၊ အစူးချောင်း ၊ ပီတိ၊ ရွှေလောင်းအင်း ကျေးရွာအုပ်စုများရှိ ရွာပေါင်း ၂၀ခန့်မှ လူဦးရေ လေးသောင်းနီးပါး စစ်ဘေးရှောင်ခဲ့ရသည်ဟု အသိပေးသည်။
