■ ပုံစံမျိုးစုံဖြင့်လိမ်ညာပြီး စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းချက်ချင်းပို့နေ၍ စစ်ကောင်စီ၏ ကတိ မယုံကြရန် သတိပေး
ဟန်နွေ/People’s Spring
ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများ၏ စကားသံများကို ချင်းညီနောင်က ထုတ်ပြန်ခဲ့ရာ စစ်မှုထမ်းစစ်သားများ လက်နက်ချရန်အခွင့်ရပါက တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် ဖမ်းမိစစ်သုံ့ပန်များက တိုက်တွန်းပြောဆိုသည်။
ဖလမ်းမြို့တိုက်ပွဲအတွင်း စစ်မှုထမ်းဥပဒေအရ စုဆောင်းခြင်းခံရသည့် အသက် ၁၉နှစ်အရွယ် မောင်မြတ်မင်းခန့်လည်း ပါဝင်ရာ ၎င်းက သူ၏ စစ်သားစုဆောင်းခံရမှု၊ တိုက်ပွဲအတွေ့အကြုံတို့ကို ပြောပြသည်။

Public Service Announcement
ရပ်ကွက်ဥက္ကဋ္ဌက နာမည်ထည့် ခေါ်၍ စုဆောင်းခံရပြီး မင်းဘူးမြို့ ခလရ(၈၈) စုဆောင်းရေး၌ တလကြာနေခဲ့ရပြီး ထိုမှတဆင့် တောင်တွင်းကြီးမြို့ အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ်၌ သင်တန်း ၃လ တက်ခဲ့ရဟု ဆိုသည်။
“ သင်တန်းသား အဆွဲခံရတဲ့သူ ၂၃၂ ယောက်ရှိပါတယ်။ ကျနော်တို့ သင်တန်းဆင်းတော့ကျတော့ ၈၃ ယောက်ကို ကလေးမြို့ကို ပို့ပါတယ်။ ၅၁ယောက်ကတော့ ကလေးမြို့ ခလရ(၈၉)ကို ပို့ပေးပါတယ်။ အဲဒါပြီးတော့ ဖလမ်းမြို့ကို ကျနော်တို့ကို ပို့ပေးပါတယ်။ကျနော်တို့ကို ဖလမ်းမြို့ကို ပို့မယ်ဆိုတာလည်း မသိဘူး။ ကျနော်တို့ကို ၃ရက်ပဲ ကြာမယ်ဆိုပြီးတော့ ကျနော်တို့ကို လေယာဉ်ပေါ်ကောက်တင်ပြီးတော့ ဖလမ်းမြို့ကို ပို့ခဲ့ပါတယ်။”ဟု မောင်မြတ်မင်းခန့်က စစ်ကောင်စီတပ်မှ သင်တန်းသားသစ်များအား လိမ်ညာကာရှေ့တန်းပို့ဆောင်ခဲ့သည့် အခြေအနေကို ပြောသည်။
ဖလမ်းမြို့တိုက်ပွဲတွင်လည်း ထိခိုက်ကျဆုံးများ၍ ဆုတ်ခွာခဲ့ရကြောင်း၎င်းက ဆိုသည်။
“ကျနော်တို့ ဆီတိုက်ပွဲစဖြစ်တော့ လက်နက်ချလို့ အော်ပါတယ်။ လက်နက်ချလို့ အော်တော့ ကျနော်တို့ လက်နက်ချဖို့လုပ်တော့ အထက်က အရာရှိတွေက လက်နက်ချတဲ့ကောင်တွေ အကုန်ပစ်သတ်မယ်လို့ ပြောလို့ လက်နက်မချဘဲ ဆက်သွားခဲ့တယ်။ လူစုကွဲတော့ ကျတော့ ရွာတရွာဝင်ပြီးတော့လက်နက်ချ အလင်းဝင်ဖို့ အကူအညီတောင်းခဲ့ပါတယ်။”ဟု မောင်မြတ်မင်းခန့်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
စစ်မှုထမ်းစုဆောင်းခံရစဉ် သင်တန်းတက်စဉ်က ထွက်ပြေးရန် မလွယ်ကူကြောင်း၊ တပ်အလယ်၌ သင်တန်းသားသစ်များကို ထားရှိပြီး အစောင့်အရှောက်များ ထားရှိစောင့်ကြည့်ကြောင်း ရှင်းပြသည်။
“ထွက်မပြေးနိုင်ရင်တောင်မှပဲ လက်နက်ချဖို့ အခွင့်အရေးကြုံလာခဲ့တာတောင်မှ လက်နက်ချလို့ရှိရင် အထက်ကလူတွေက လက်နက်ချတဲ့သူမှန်သမျှ ပစ်သတ်မယ်လို့ ပြောလို့ ခြိမ်းခြောက် ခဲ့လို့ ကျနော်တို့ လက်နက်မချခဲ့ရတာပါ။ သူတို့နဲ့လည်း ကွဲလာရော ကိုယ်လက်နက်ချနိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ သူတွေရော ဒီမှာ ပါလာတဲ့သူတွေရော လွတ်လွတ်လပ်လပ်နဲ့ ပဲ နေထိုင်စေချင်ပြီးတော့ ကျန်ခဲ့တဲ့သူတွေလည်း အလင်းဝင် လက်နက်ချဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီဘက်ထဲကို ကူးပြောင်းဖို့ဖိတ်ခေါ်ချင်ပါတယ်။ စုဆောင်းမခံရခင် အမြန်ဆုံးဆက်သွယ်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ထဲကို ဝင်စေချင်ပါတယ်။” ဟု မောင်မြတ်မင်းခန့်က ပြောသည်။
ထို့ပြင် အသက် ၃၀အရွယ် ကိုတင်မျိုးအောင်ကလည်း ၎င်း၏ စစ်သားစုဆောင်းခံရမှု အခြေအနေနှင့် တိုက်ပွဲအခြေအနေကို ပြောသည်။
“စစ်မှုထမ်းဥပဒေထဲမှာ တဦးတည်းသောသားတွေမပါဘူးဆိုပြီးတော့ ကျနော့်အမေကို ဆန္ဒပြုဖို့ လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးပြီး သိပ်မကြာဘူး ၁ရက်၊ ၂ရက်နေတော့ ပါလာတယ်ဆိုပြီး ကျနော်တို့ကို သွေးစစ်ဖို့ ၁၅မိနစ်နဲ့ ပြီးမယ်ဆိုပြီးမှ ဥက္ကဋ္ဌရုံးကို ခေါ်တယ်။ ခေါ်ပြီးမှ ၉၁၀ စုဆောင်းရေးတပ်ကို ပို့လိုက်တာ်။ ၉၁၀ တပ်ထဲမှာပဲ ၂ရက်လောက်ကြာပြီးတော့ သိပ်မကြာဘူး လေ့ကျင့်ရေးသင်တန်းကျောင်း တတက (၁၃) သပိတ်ကျင်း တွင်းငယ်ကို ပို့ခဲ့တယ်။ အဲဒီမှာပဲ သုံးလလောက် စစ်သင်တန်းတက်ခဲ့ရတယ်။ သင်တန်းကနေ ချက်ချင်းပဲ ကလေး ခလရ(၈၉)ကို တန်းပို့လိုက်တာ။ ကလေး ခလရ(၈၉)နဲ့အတူတူ စစ်ဆင်ရေး လုပ်နေရတာပေါ့။”ဟု ကိုတင်မျိုးအောင်က ပြောသည်။
ထို့အပြင် ဖလမ်းမြို့ရောက်ပြီး သိပ်မကြာဘဲ လူနာများထမ်းပြီး ဆုတ်ခွာခဲ့ရာ ချောင်းတစ်ခု၌ လက်နက်ချခဲ့ရဟု ရှင်းပြသည်။
“စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ ပြောချင်တာကတော့ တချို့တွေ ကတိပေးတယ်ပေါ့ ဥက္ကဋ္ဌတွေ ဆိုရင် မန္တလေးမြို့မှာပဲ ပြန်ပြီးတော့ ကိုယ့်ရပ်ကွက်ပဲ ကိုယ်စောင့်ရမယ်ဘာညာပေါ့။ အဲဒီလိုမျိုး တချို့တွေက အဲဒီလို ယုံနေကြတယ်။ တကယ်တော့ မဟုတ်ဘူး ရှေ့တန်းကိုပို့တာတွေရှိတယ်။ သုံးလနဲ့သင်၊ သင်ပြီးတော့ ရှေ့တန်းပို့တာရှိတယ်။”ဟု ကိုတင်မျိုးအောင်က ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်သုံ့ပန်းများ ဖမ်းမိပါက သတ်ဖြတ်သည်ဟု စစ်ကောင်စီဘက်က လိမ်ညာ ဝါဒဖြန့်ထားသော်လည်း လက်တွေ့တွင် ရိုက်နှက်ခံရခြင်းမရှိဘဲ အသက်အာမခံမှုပေးကာ အစားအသောက်တန်းတူစားသောက်စေခဲ့သည်ဟုလည်း ၎င်းက ပြောပြသည်။
“ဒီမှာ ချက်ကျွေးတာပဲ သူတို့လည်းစားတယ် ကျနော်တို့လည်း စားတယ်။ မင်းတို့တွေ ဒီမှာပဲ အေးအေးဆေးဆေးနေ။ မင်းတို့ မပြေးကြနဲ့။ မင်းတို့ ပြေးရင်တမျိုး၊ မပြေးသရွေ့ကတော့ မင်းတို့ အေးဆေး မင်းတို့အသက်ကို အာမခံတယ်။ “ဟု ကိုတင်မျိုးအောင်က ပြောသည်။
မောင်မြတ်မင်းခန့်ကလည်း ၎င်းတို့ကို စစ်ကောင်စီက ခြိမ်းခြောက်ထားသည်မှာပြည်သူ့ကာကွယ်ရေးတပ်၏ အဖမ်းဆီးခံရပါက ခေါင်းဖြတ်သတ်ဖြတ်မှု ပြုလုပ်သည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ပြောသည်။
“တကယ် ကိုယ်လည်းရောက်ခဲ့တော့ သူတို့ ပြောတာတွေနဲ့ တခုမှမဟုတ်ဘဲနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုဘ၀လိုပဲ အတူတူပဲ နေထိုင်လို့ရပါတယ်။ သူသူကိုယ်ကိုယ် စားတာလည်း အတူတူပဲ သောက်တာလည်း အတူတူပဲ။ ကျွေးမွေးတာလည်းအတူတူပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ထားပါတယ်။ သူတို့ ပြောတာလည်းတခုမှ မဟုတ်ပါဘူးဗျ”ဟု မောင်မြတ်မင်းခန့်က ပြောသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံတဝန်း လူငယ်များကို ပုံစံမျိုးစုံဖြင့်အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း၊ ရှေ့တန်းပို့နေ၍ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲများ၌ သေဆုံးထိခိုက်များပြားခြင်း၊ ဖမ်းဆီးခံရခြင်း၊ လက်နက်ချအလင်းဝင်ခြင်းဖြစ်စဉ်များ မကြာခဏ ဆက်တိုက်ဖြစ်ပေးလျက်ရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင်ကြရန် ဖေဖော်ဝါရီ ၅ရက်တွင် တိုက်တွန်းထားသည်။
(ဓာတ်ပုံ – ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်ဖိုင်)
