အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ် မြို့နယ်၊စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်(AA)က တိုက်ပွဲဆက်ပွားနေပြီးဖေဖော်ဝါရီလ (၁၁)ရက်နေ့ ညမှာ စစ်တွေမြို့အဝင်အမြင့်ကျွန်းက စစ်ကောင်စီစခန်းအနီး တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
စစ်တွေမြို့မှာ စစ်တပ်ကဘအခိုင်အမာတပ်စွဲထားတဲ့ ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်း စတဲ့နေရာတွေကစစ်တပ်စခန်းတွေကို AA က ဖေဖော်ဝါရီလဆန်းကစပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ အမြင့်ကျွန်းကို AA ကအနီးကပ်တိုက်ခိုက်ခဲ့တာလို့ဒေသခံတစ်ဦးကပြောပါတယ် ။

“မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ AAက ထိုးစစ်အရှိန်မြှင့်တဲ့သဘောပါ။ တိုက်ပွဲတွေက ပုံစံပြောင်းလာပါတယ်။ လက်နက်ကြီးတွေပစ်ခတ်နေရာကနေ အပြန်အလှန်တိုက်ပွဲဖြစ်တဲ့ပုံစံဖြစ်လာတယ်။ ရှေ့ဆက်ဘာတွေဖြစ်မယ်တော့ မခန့်မှန်းနိုင်ဘူး”ဟု ဒေသခံတဦးကပြောပါတယ်။

Public Service Announcement
AAဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး စစ်တွေမြို့အနီးက စစ်ကောင်စီဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်တွေမြို့အနီးဝန်းကျင် မှာ ပုဏ္ဏားကျွန်း၊ ပေါက်တော ၊ ရသေ့တောင် မြို့ တွေရှိပြီး အားလုံးကို AAက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီတပ်ကလည်း ပင်လယ်ကမ်းရိုးတန်းထွက်ပေါက် ရေလမ်းကြောင်းကို ပိတ်ဆို့ထားသလို စစ်တွေမြို့တွင်းမှာလည်း ခံစစ်ပြင်ဆင်ထားပါတယ် ။
“ကျောက်တော်မှာ ရတဲ့ လက်နက်ကြီးတွေကို စစ်တွေမှာ AA ထုတ်သုံးနေပြီ”လို့ ရခိုင်စစ်ရေးလေ့လာသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင် မြို့နယ်တွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားသေဆုံးမှုအချို့ရှိခဲ့ပါတယ်။
AAက ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ ၊ ကျောက်ဖြူ ၊မာန်အောင် မြို့နယ်တို့ကိုပဲ သိမ်းပိုက်ဖို့ ကျန်တော့တာဖြစ်ပါတယ်။
စစ်တွေမြို့မှာ အိန္ဒိယနိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ ကုလားတန်စီမံကိန်းရှိပြီး အဲဒီစီမံကိန်းတွေနဲ့ မြို့မထိခိုက်ဖို့အတွက် AAက စစ်ရေးကို ပါးပါးနပ်နပ်ပုံဖော်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းအချို့ကသုံးသပ်ပြောကြားပါတယ်။
မြို့ခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ပေမယ့်စစ်ကောင်စီကစစ်တွေမြို့ ဘေးပတ်ဝန်းကျင်ရွာတွေကဒေသခံတွေကိုမြို့တွင်းမှာနေရာချထားတာမျိုးရှိတယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ်ရဲ့ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်ခံတပ်ရင်းတွေနဲ့ AAတို့ဟာ ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
စစ်တွေမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ AAက အသေးစိတ်သတင်းမထုတ်ပြန်သေးပေမယ့် စစ်တွေမြို့အနီးဝန်းကျင်မှာ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊
ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေတယ်လို့ ဇန်နဝါရီလ၂၇ရက်နေ့ကနောက်ဆုံးထုတ်ပြန်အသိပေးထားပါတယ်။
AAဟာ ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနယ်စပ်ဒေသတွေက စစ်ကောင်စီစခန်းတွေကိုလည်းတိုက်ခိုက်နေပါတယ်။
တပ်မ(၉၉)လက်အောက်ခံ အမှတ်(၉၉၂) နည်းဗျူဟာအဖွဲ့ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးကျော်ကျော်သက် ဦးဆောင်တဲ့ စစ်သား ၃၆၀ကျော်ပါစစ်ကြောင်းကို AA က မကွေးတိုင်းအစပ်မှာစစ်ကြောင်းပျက်အောင်တိုက်ခိုက်ပြီး ဒုဗိုလ်မှူးကြီးကျော်ကျော်သက်အပါအဝင်စစ်သား ၂၀ လောက်ကိုစစ်သုံ့ပန်းအဖြစ် ဖေဖော်ဝါရီ လဆန်းမှာဖမ်းဆီးနိူင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က တပ်သားတွေဟာ တိုက်ခိုက်လိုစိတ်နည်းပါးပြီး လေ့ကျင့်မှုအားနည်းသလို၊ စိတ်ဓာတ်အားနည်းမှုတွေ ကြောင့် စစ်ရှုံးနေတယ်လို့ AA ကဖမ်းဆီးထားတဲ့ ဒုဗိုလ်မှူးကြီးကျော်ကျော်သက်ကဝန်ခံပြောဆိုထားပါတယ်။
