ကရင်ပြည်နယ်၊ မြဝတီဒေသမှာ တရုတ်နိုင်ငံသားတွေ လူကုန်ကူးခံနေရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး Mr. Liu Zhongyi ဟာ မနက်ဖြန်(ဖေဖော်ဝါရီ ၁၇ရက်)မှာ မြဝတီမြို့ကို လာရောက်မှာဖြစ်ပါတယ်။
တရုတ်ဒုဝန်ကြီး Mr. Liu Zhongyi ဟာ မနက်ဖြန်(ဖေဖော်ဝါရီ ၁၇ရက်)မှာ မြဝတီမြို့ကို လာရောက်ပြီး ညနေ ၃နာရီမှာ အစည်းအဝေးပြုလုပ်မှာဖြစ်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။
” ပြန်ပို့ဖို့ ဟိုနေ့က ဖမ်းဆီးခေါ်ထားတဲ့ တရုတ်နိုင်ငံသားတွေထားတဲ့နေရာကို လာမှာ”လို့ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement
မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ထောင်နဲ့ချီရှိနေတဲ့ဖြစ်စဉ်အပေါ် နေရပ်ပြန်လည်ခေါ်ဆောင်ရေးအတွက် တရုတ်ဒုဝန်ကြီးက လာရောက်မှာဖြစ်ပါတယ်။
တရုတ်ဒုဝန်ကြီးအဖွဲ့ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြဝတီမြို့ကို သွားရောက်မှာဖြစ်ပါတယ်။ တရုတ်ဒုဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ရက်ကလည်း မဲဆောက်မြို့ဘက်ကနေ မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေရှိရာ အဆောက်အဦးတွေကို ကြည့်ရှု့ခဲ့ပါသေးတယ်။
ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ်(BGF)က ဖေဖော်ဝါရီ ၁၄ရက်က စတင်ပြီး ဝင်ရောက် စစ်ဆေးရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။
ဖေဖော်ဝါရီ ၁၂ရက်က BGF ထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် နှစ်ရက်အကြာမှာ စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာတာဖြစ်ပါတယ်။
” လူကုန်ကူးခံရတဲ့သူတွေနဲ့ နေရပ်ပြန်ချင်တဲ့သူတွေကို ပထမဆုံးအနေနဲ့ ပြန်ပို့မယ်။ လိမ်လည်တဲ့သူတွေကို ဖယ်ရှားမယ်။ နောက်ဆုံးအနေနဲ့က စပ်ဆက်ပစ္စည်းတွေကို ဖျက်ဆီးပြစ်မယ်”လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က လူထုနွေဦးကို ပြောထားပါတယ်။
ထိုင်းနိုင်ငံ အစိုးရနဲ့ ချိတ်ဆက်ပြီး တစ်သုတ်ကို လူဦးရေ ၅၀၀ ပြန်ပို့ပေးဖို့ စီစဉ်ထားတယ်လို့ BGFက ဆိုပါတယ်။
ဘက်ပေါင်းစုံ ဖိအားတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဟာ စတင် နေရာရွှေ့ပြောင်းနေပြီလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်း နယ်စပ်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဒုစရိုက် လုပ်ငန်းတွေကို ဖိအားပေးဖို့အတွက် လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် အထောက်အပံ့တွေ ဖြတ်တောက်ခြင်း အပါအဝင် တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေ အစပြုလာတာကအခုဆိုရင် ထင်ရှားသိသာတဲ့ ရလဒ်တွေကို စတင် မြင်သာလာစေတယ်လို့ The Nation သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထိုင်းဟာ ကျားဖြန့်ဂိုဏ်းတွေ လည်ပတ်ဖို့အဓိက လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား၊ အင်တာနက် ကွန်ရက် အထောက်အပံ့တွေကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင် ဖြတ်တောက်ခဲ့သလို မီးစက်တွေ လည်ပတ်နိုင်အောင် လောင်စာဆီ တင်သွင်းမှုတွေကိုပါ ပိတ်ပင်ခဲ့ပါတယ်။
နယ်စပ်ဒေသမှာရှိနေတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အရင်က ကျားဖြန့်လုပ်ငန်းတွေ စည်စည်ကားကား လည်ပတ်နေတဲ့ အဆောက်အအုံတွေ ပိတ်ကုန်ပြီဖြစ်ပြီး အဲဒီဂိုဏ်းတွေက မြေငှားစာချုပ်တွေ ဖျက်သိမ်းကုန်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။


















































