ရဲခေါင်၊ ကျော်စွာ/People’s Spring
တပ်တွင်းညှင်းပန်းနှိပ်စက်ခံရပြီး ထွက်ပြေးလာသည့် စစ်ကောင်စီ၏ ခလရ ၂၅၄ မှ တပ်ကြပ် စံမိုးကို ကယ်တင်ခဲ့ကြောင်း ပခုက္ကူအခြေစိုက် Burma Revolution Rangers က ယနေ့ (ဖေဖော်ဝါရီ ၁၇ရက်)ထုတ်ပြန်သည်။
ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာဂိတ်တွင် တာဝန်ကျနေသော အထက်ပါ စစ်ကောင်စီတပ်ကြပ်သည် ဖေဖော်ဝါရီ ၁၅ ရက် နေ့လည်ပိုင်းက ထွက်ပြေးခဲ့ခြင်းဟု ဆိုသည်။
“သူ(တပ်ကြပ်စံမိုး)အင်ပင်ဂိတ်ကနေ ထွက်ပြေးလာတယ်ဆိုတာကို တောလုပ်(စိုက်ပျိုးရေးလုပ်ငန်း)ပြည်သူတွေက ကျနော်တို့ဆီကို ဆက်သွယ်သတင်းပို့လာလို့ သွားရောက်ဖမ်းဆီးပြီး ခေါ်ဆောင်လာခဲ့တာပါ”ဟု Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ရဲဘော်ကာတွန်းက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ရိုက်နှက်ထိုးကြိတ်ခံထားရသော မျက်နာနှင့် ခြေလက်များရောင်ရမ်းနေသောကြောင့် ၎င်းကိုဆေးကုသမှုများလုပ်ဆောင်ပေးကာ ထိန်းသိမ်း၍ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်းအသိပေးသည်။
ထိုသို့စစ်ဆေးစဥ် တပ်ကြပ်စံမိုးက တပ်တွင် စစ်မှုသက်တမ်း ၁၉နှစ်ကြာရှိပြီး မကြာခဏ တပ်တွင်း ချုပ်နှောင်ခံရကာ အင်ပင်စခန်းကို ၂၀၂၃ ခုနှစ်တွင် အင်ပင်ဂိတ်သို့ရောက်ရှိကြောင်း ထွက်ဆိုသည်။
တပ်မ ၁၀၁ လက်အောက်ခံ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၄ ၏ နောက်ချန်တပ်တွင် အိုနာကျိုးကန်းများနှင့် အင်ပင်ဂိတ်တွင် စစ်ကောင်စီအင်အား ၁၅ဦးခန့်သာရှိကြောင်းလည်း အသိပေးသည်။
“ဒီအင်ပင်စခန်းမှာဆိုရင် ကျွန်တော့်ဆိုရင် ထိုးလိုက်ကြိတ်လိုက်။ ရိုက်လိုက်နဲ့။ ပြီးလို့ရှိရင် ဖက်ဒိတ်ဆိုသူ များထက်ပိုလုပ်ရတယ်။ ရဲဆိုတဲ့သူတောင်းစားတွေကလည်း ဘာစောက်ကျင့်မှ မကောင်းဘူး။ ပြည်သူလူထုကို ဒုက္ခပေးတာများတယ်။ ဆီကား၊ ဆန်ကား၊ ကုန်ကားက အစ ဖြတ်တယ်။ ဆီကားဆိုရင်လည်း တစ်ပုံးနဲ့ ပိုက်ဆံငါးထောင်ကောက်တယ်။ ကောက်တဲ့ပိုက် ဆံဆိုရင်လည်း သူတို့အိတ်ထဲပဲထည့်တယ်”ဟု ၎င်းက ပြောသည်။
ထို့အတူ စစ်ခေါင်းဆောင်များက အောက်ခြေစစ်သည်များကို တိရစ္ဆာန်သဖွယ်သတ်မှတ်မှုကို သိရှိရန်နှင့် နောင်တရချိန်တန်ပြီဟုလည်း ၎င်းက တိုက်တွန်းသည်။
စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းရန်စုဆောင်းခံထားရသူများအနက် သုံးဦးသည် ယခုလဆန်းပိုင်းတွင် လက်နက်ခဲယမ်းအချို့ဖြင့် Burma Revolution Rangers ထံ ဘက်ပြောင်းခိုလှုံမှုရှိထားသည်။
ထို့အပြင် ထွက်ပြေးလွတ်မြောက်လာသည့် တပ်ကြပ်စံမိုးက စစ်ဆေးခံရစဥ်မှတ်တမ်းတင်ထားသောရုပ်သံ၌ သူအနေနှင့် တော်လှန် ရေးတပ်ဖွဲ့များနှင့် လက်တွဲလုပ်ဆောင်လိုကြောင်းပြောဆိုထားသည့်အပေါ် Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံအား လူထုနွေဦးက သဘောထားမေးမြန်းရာ ယင်းကိစ္စအား သီးခြားမှတ်ချက်မပေးသော်လည်း တပ်ကြပ်စံမိုး၏ ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးရန် စဥ်းစားထားကြောင်း ရဲဘော်ကာတွန်းက ရှင်းပြသည်။
