ပြည်အကျဥ်းထောင်၌ ပစ်ခတ်ရိုက်နှက်မှုဖြစ်စဉ်အတွင်း နိုင်ငံရေးအကျဉ်းသား ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
ယနေ့ (ဖေဖော်ဝါရီ ၂၃ရက်) နံနက် ၇နာရီခွဲခန့်တွင် ပြည်အကျဉ်းထောင်အတွင်းမှ စားရိပ်သာတာဝန်ခံ (ဖိုခေါင်း)ဖြစ်သူ အကျဉ်းသားလင်းထိန်က နိုင်ငံရေးအကျဉ်းသားတစ်ဦးအား လက်သီးဖြင့်ထိုးခဲ့၍ ယင်းလုပ်ရပ်အား အရေးယူပေးရန် နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော်က မိန်းဂျေးရှေ့သို့ သွားရောက်ပြီး ထောင်မှူးဦးကျော်အောင်ထံ ငြိမ်းချမ်းစွာတင်ပြတောင်းဆိုနေစဥ် ယင်းသို့ ရိုက်နှက်ခံရခြင်းဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်သည်။
နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော်က ထောင်မှူးထံတောင်းဆိုသည်ကို ထောင်ဝန်ထမ်းနှင့် ရာဇဝတ်အကျဉ်းသားအချို့က တုတ်၊ ဓားများဖြင့် ရိုက်နှက်ခဲ့၍ နိုင်ငံရေးအကျဉ်းသား ငါးဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
ငြိမ်းချမ်းစွာတောင်းဆိုနေစဉ် အကျဉ်းထောင်ဗဟိုကင်းမှ သေနတ်(၂)ချက် ပစ်ဖောက်ခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်း တစ်ပွင့်အရာရှိ တေဇာဝင်း၏ မိန့်ပေးစေခိုင်းမှုဖြင့် ထောင်ဝန်ထမ်း ဥက္ကာမိုး ပါ(၂)ဦးနှင့် အခြားရာဇဝတ်အကျဉ်းသားဖြစ်သူ အကျရုံးတွင် တာဝန်ကျသည့် အကျဉ်းသား စူပါဖိုး၊အခန်းစာရေး ငတိပါအဖွဲ့က ဝါးဆစ်တုတ်များ၊ သစ်သားတုတ်များ၊ ဓါးများကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများအား ဝင်ရောက်ရိုက်နှက်ပြီး ခြိမ်းခြောက်ခဲ့သည်ဟု PPNMက အသိပေးသည်။
ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ငါးဦးမှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများရခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများမှ မတရားဖိနှိပ်မှုမပြုရန်နှင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးရန် ဆက်လက်တောင်းဆိုထားကြောင်း သတင်းရရှိသည်။
” အကျဉ်းထောင်မှာတော့ ထောင်အာဏာပိုင်တွေက အရေးယူမှုလုပ်ဆောင်တာတွေတော့ မတွေ့ရသေးဘူး။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေမှာလည်း ဦးခေါင်းပေါက်ပြဲဒဏ်ရာကြောင့်မို့ ဦးခေါင်းကိုချုပ်ရမယ့်အခြေအနေအထိ ခံရတဲ့သူတွေရှိတယ်။ အနည်းဆုံး ငါးဦးလောက်က ထိခိုက်ဒဏ်ရာရပြီးတော့ ဦးခေါင်းထိထားတဲ့သူ တစ်ဦးတော့ ရှိတယ်ပေါ့နော်။ ဒီလူတွေကို ကျူးလွန်တဲ့သူတွေကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ပေးဖို့ နိုင်ငံတွေအကျဉ်းသားတွေက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တင်ပြနေတယ်။ ဒါပေမယ့် အရေးယူဖြေရှင်းဖို့ တစ်စုံတစ်ရာတော့ လုပ်ဆောင်တာ မတွေ့ရသေးပါဘူးခင်ဗျ။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသားများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ပြီး ဆက်လက်စာင့်ကြည့်ဝန်းရံသွားမည်ဖြစ်ကြောင်း PPNMထုတ်ပြန်ထားသည်။
” ထောင်ထဲမှာ အခြေအနေမငြိမ်သေးဘူး”ဟု မြို့ခံတစ်ဦးက ယနေ့ နေ့လယ် ၁၂နာရီခွဲခန့်တွင် ပြောသည်။
