“သူတို့(စစ်ကောင်စီ)နဲ့ လက်မှတ်ထိုးတာ၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု ဘာပဲဖြစ်ဖြစ် တရားမဝင်ဘူး။ ပြည်သူ့အစိုးရအနေနဲ့ အသိအမှတ်မပြုဘူး”
— ဦးကျော်ဇော်
“ (နျူကလီယားဓာတ်ပေါင်းဖိုတည်ဆောက်ရေး)လက်တွေ့ကျကျ ပြောရင်တော့ ဘာမှ ရေရေရာရာမရှိဘူးလို့ပဲ မြင်ပါတယ်။ တပ်လော်ဘီတွေကတော့ မစားရ ဝခမန်းတွေ အကုန်လျှောက်ပြောတာပေါ့”
— နေပြည်တော်စစ်ရေးသတင်းရင်းမြစ်
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရုရှားခရီးစဥ်အတွင်း ချုပ်ဆိုခဲ့သောစာချုပ်များမှာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိအမှတ်မပြုဘဲ တော်လှန်ရေးအောင်မြင်ပြီးချိန်တွင် ယင်းသဘောတူညီချက်၊ စာချုပ်များမှာ ‘အမှိုက်’သာ ဖြစ်သွားမည်ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သတိပေးပြောကြားသည်။
မတ်လ ၃ရက်မှ ၆ရက်အထိ ရုရှားနိုင်ငံ မော်စကိုသို့ လေးရက်ကြာသွားရောက်ခဲ့သော အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံခဲ့သလို သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၀ခုကို လက်မှတ်ရေးထိုးခဲ့မှုအပေါ် NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ NUG ဟိုးအရင်ကတည်းက ပြည်သူလူထုကို တစိုက်မတ်မတ်ပြောလာတယ်။ တရားဝင်ကြေညာချက်တွေလည်း ထုတ်ထားပြီးသားဖြစ်တယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တရားမဝင်အကြမ်းဖက်အုပ်စုသာဖြစ်တယ်။ ဒါကြောင့် သူတို့နဲ့ လက်မှတ်ထိုးတာ၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု ဘာပဲဖြစ်ဖြစ် တရားမဝင်ဘူး။ ပြည်သူ့အစိုးရအနေနဲ့ အသိအမှတ်မပြုဘူး။ ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်ပြီးတဲ့အချိန်မှာ ဒီစာချုပ်တွေဟာ ရှင်းရှင်းပြောရင် အကြမ်းဖက်စစ်ကောင်စီနဲ့ ချုပ်ထားတဲ့ စာချုပ်တွေဟာ အမှိုက်ပဲ ဖြစ်သွားမယ်ဆိုတာ ထပ်ပြီး သတိပေးပြောကြားချင်ပါတယ်။ ဒါက ရုရှားနဲ့ မင်းအောင်လှိုင် ချုပ်တာတွေ အပါအဝင်ဖြစ်တယ်ဆိုတာလည်း အတိအလင်းပြောကြားချင်ပါတယ်”ဟု ဦးကျော်ဇော်က People’s Spring သို့ ပြောသည်။

Public Service Announcement
စစ်ကောင်စီခေါင်းဆောင်နှင့် ရုရှားသမ္မတပူတင်တို့ ရှေ့မှောက်တွင် ချုပ်ဆိုလဲလှယ်ခဲ့သော သဘောတူစာချုပ်၊ နားလည်မှုစာချွန်လွှာများအနက် မြန်မာနိုင်ငံတွင် နျူကလီယားဓာတ်ပေါင်းဖို တည်ဆောက်ရေးစီမံကိန်းလည်း ပါဝင်သည်။ အဆိုပါစီမံကိန်းကို အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဥ်းဥပဒေ နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများဟု စစ်ကောင်စီဝါဒဖြန့်သတင်းစာက ရေးသားဖော်ပြသည်။
မြန်မာစစ်တပ်နှင့် စစ်ခေါင်းဆောင်တို့သည် အနုမြူကို ငြိမ်းချမ်းစွာ သုံးစွဲရန် မည်သည့်အချိန်ကမျှ ရည်ရွယ်ခဲ့ခြင်းမရှိဘဲ အနုမြူလက်နက်ရရှိရန်သာ ရည်ရွယ်ကြိုးစားခဲ့သည်ကို တွေ့ရှိရကြောင်းနှင့် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရေးစီမံကိန်း သဘောတူညီချက်က မြန်မာနိုင်ငံတွင်သာမက ဒေသတွင်း လုံခြုံရေးကိုပါ ထိခိုက်နိုင်ကြောင်း NUG သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူက သုံးသပ်သည်။
“အကြမ်းဖက်မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ သဘောတူညီချက်တွေဟာ မြန်မာနိုင်ငံမှာ stability(တည်ငြိမ်မှု)ရှိဖို့အတွက်၊ ရရှိနိုင်ဖို့အတွက် အထောက်အကူမပြုတဲ့အပြင်မြန်မာနိုင်ငံရဲ့ ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးပါခြိမ်းခြောက်တဲ့ အနေအထားမျိုး ရောက်လာတယ်” ဟု ၎င်းက ဆက်ပြောသည်။
နျူကလီးယားဓာတ်ပေါင်းတည်ဆောက်ရေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိမ်မက်တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစဥ်တစိုက်ကြိုးပမ်းခဲ့သည့်အရာဖြစ်သော်လည်း ယင်းစီမံကိန်းအတွက် မြန်မာနိုင်ငံကသာ အကုန်အကျခံရမည်ဖြစ်ကြောင်းနှင့် ရုရှားက ယင်းအတွက် ကုန်ကျစရိတ် စိုက်ထုတ်ပေးလိမ့်မည်မဟုတ်ကြောင်း နေပြည်တော် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“လက်တွေ့ကျကျ ပြောရင်တော့ ဘာမှ ရေရေရာရာမရှိဘူးလို့ပဲ မြင်ပါတယ်။ တပ်လော်ဘီတွေကတော့ မစားရ ဝခမန်းတွေ အကုန်လျှောက်ပြောတာပေါ့။ သူ့ရဲ့ဝါဒဖြန့်ချိရေးယန္တရားတစ်ခုဖြစ်တယ်လို့ပဲ ယူဆပါတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေဖြင့် အထက်ပါစီမံကိန်းအပါအဝင် ရုရှားထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း လုပ်ဆောင်ရန် ငွေကြေးရှိမနေဘဲ မြန်မာနိုင်ငံ၏ သယံဇာတများ၊ မြန်မာပြည်သူလူထုပိုင် အကျိုးစီးပွားများအား ရုရှားသမ္မတ ပူတင်ကို ထိုးအပ်ကာ ၎င်းတို့ သက်ဆိုးရှည်ရေးအတွက် လိုအပ်ချက်များကို ဖြည့်စွမ်းရန် ကြိုးစားမည်ဖြစ်ကြောင်း NUG သမ္မတရုံးပြောခွင့်ရက သုံးသပ်သည်။
သို့ရာတွင် အာဏာသိမ်းစစ်ကောင်စီကို ရုရှားထောက်ပံ့သည့်ကြားမှပင် ပြီးခဲ့သည့် လေးနှစ်အတွင်း တော်လှန်ရေးအင်အားစုများက မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ်ကို ပြိုလဲလုနီးပါးအထိ ရောက်ရှိအောင် ထိုးနှက်နိုင်ခဲ့ပြီး ဆက်လက်အမြစ်ဖြုတ်ရန်သာ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်ဖို့အတွက် ဘာမှ ကျွန်တော်တို့တတွေ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ဆက်လက်လုပ်ကိုင်ပြီး အောင်မြင်မှုရရှိမှာ မလွဲမသွေဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်”ဟု ဦးကျော်ဇော်က ပြောသည်။
