အီယိုရီ ၊ဟန်နွေ /People’s Spring
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဂျူလီဘစ်ရှော့ဟာ တရုတ်ကုမ္ပဏီများရှယ်ယာပါဝင်တဲ့အဖွဲ့အစည်းအတွေမှာ အကြီးတန်းရာထူးများ ရယူထားတာကြောင့် ကုလအထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ အကျိုးစီးပွားပဋိပက္ခရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ဟာ မြန်မာနိုင်ငံမှာ ပါဝင်ပတ်သက်မှုရှိတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ပတ်သက်ဆက်နွှယ်နေပြီး အဲဒီဆက်နွှယ်မှုတွေဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ အကျိုးစီးပွားပဋိပက္ခတွေကို ဖြစ်စေတယ်လို့ JFM က ဖော်ပြပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်အနေနဲ့ အဲဒီ အကျိုးစီးပွားပဋိပက္ခအလုံးစုံကို စုံစမ်းစစ်ဆေးရမယ်လို့ JFM က တိုက်တွန်းပါတယ်။
“တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုရဲ့ အကြီးဆုံးစစ်လက်နက်ရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာစစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးကဏ္ဍကအပါအဝင် အရေးပါတဲ့ အခွန်ဝင်ငွေရင်းမြစ်တွေ ကိုလည်း ပေးနေပါတယ်။ မြန်မာစစ်အုပ်စုဆီ စစ်လက်နက်နဲ့ ဘဏ္ဍာငွေတွေပေးနေရာကနေ တရုတ်အစိုးရက လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ အားပေးအားမြှောက်လုပ်နေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ တရုတ်အစိုးရတို့ကြား စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုမှန်သမျှကို စိုးရိမ်မကင်း ရှိနေမှာဖြစ်ပြီး အထူးကိုယ်စားလှယ်တာဝန်ကို ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်”လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Public Service Announcement
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ဟာ ၂၀၂၄ ဧပြီမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အဲဒီရာထူးလက်ခံအပြီး လပိုင်းအကြာမှာ နေပြည်တော်ကို တိတ်တဆိတ်သွားရောက်ခဲ့ပါတယ်။
အဲဒီခရီးစဥ်နဲ့ပတ်သက်လို့ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ နေပြည်တော်ခရီးစဥ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့တယ်လို့ ၂၀၂၄ အောက်တိုဘာ၂၉ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ အစီရင်ခံခဲ့ပါတယ်။
မြန်မာ့အရေးပါဝင်ပတ်သက်သူတွေဟာ အပြုတ်တိုက်ရေးစိတ်သဘောထားကနေ ပဋိပက္ခဖြေရှင်းအဖြေရှာရေးဆီပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း အထူးကိုယ်စားလှယ်က ကုလသမဂ္ဂကို အစီရင်ခံခဲ့ပါတယ်။
သူမရဲ့ နေပြည်တော်ခရီးစဥ်အတွင်းမှာ ဘယ်သူတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတာ အသေးစိတ်မပြောကြားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတွေ့ဆုံမှုတွေမှာ မြန်မာ့အရေး ပါဝင်သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုဟာ သမာသမတ်ကျကျ ရပ်တည်ဆောင်ရွက်ခဲ့တယ်လို့ ဂျူလီဘစ်ရှော့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
ကုလအထူးကိုယ်စားလှယ် နေပြည်တော်ကို သွားရောက်တဲ့နေ့ရက်အတိအကျ မသိရဘဲ ၂၀၂၄ သြဂုတ် ၂၀ ရက်မှာ ဂျူလီဘစ်ရှော့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
JFM ရဲ့ ဖော်ပြချက်အရ ကုလအထူးကိုယ်စားလှယ် မစ္စစ်ဂျူလီဘစ်ရှော့ဟာ ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Energy Transition Minerals(ETM)အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာ ပတ်သက်ဆက်နွှယ်နေတယ်လို့ သိရပါတယ်။
မကြာသေးမီက ဘစ်ရှော့အား ETM ကုမ္ပဏီမှာ မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီး အဲဒီခန့်အပ်မှုဟာ မြန်မာနိုင်ငံမှာ ပါဝင်ပတ်သက်မှုရှိတဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနဲ့ ဆက်နွှယ်တဲ့ ဂရင်းလန်းဒေသရှိ အငြင်းပွားဖွယ် ယူရေနီယမ်နဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်း အတွက် အကြံပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာအကြီးမားဆုံး မြေရှားသတ္တုရောင်းချတဲ့ နိုင်ငံဖြစ်ကြောင်း ကချင်ပြည်နယ်ရှိ ဂေဟစနစ်၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများနဲ့ ဒေသရေအရင်းအမြစ်များအပေါ် မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများရဲ့ ဆိုးကျိုးသက်ရောက်မှုများကို လေ့လာမှတ်တမ်းပြုထားတဲ့ ၂၀၂၂ ခုနှစ် Global Witness အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Global Witness က မြေရှားသတ္တုတူးဖော်ရေးမှ အခွန်ငွေများဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘဏ္ဍာငွေထောက်ပံ့နိုင်တဲ့ အန္တရာယ်မြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ယူနန်ပြည်နယ်နဲ့ ကချင်ပြည်နယ် နယ်စပ်မှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားပြီး မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အလျင်အမြန် တိုးချဲ့လာခဲ့ပါတယ်။ အထူးသဖြင့် မကြာသေးမီ ကာလများအထိ ထိန်းချုပ်ထားတဲ့ မြန်မာစစ်တပ်ကွပ်ကဲမှုအောက်ရှိ စခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ကချင်နယ်ခြားစောင့်တပ် ဒေသများမှာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကချင်နယ်ခြားစောင့်တပ်အား တိုက်ခိုက်ချေမှုန်းခဲ့ပြီး အဲဒီဒေသများကို ထိန်းချုပ်ရယူခဲ့ပါတယ်။ အဲဒါကြောင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ဟန့်တားထားနိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း မြေရှားသတ္တုလုပ်ငန်းရဲ့ အနာဂတ်လားရာမှာ မရေမရာဖြစ်လာခဲ့ပါတယ်။
ETM ရဲ့ နောက်ထပ်မိတ်ဖက်ကုမ္ပဏီတစ်ခုဟာ China Communications Construction Company(CCCC)ဖြစ်ပြီး အဲဒီကုမ္ပဏီဟာ နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်ပါတယ်။ CCCCကုမ္ပဏီဟာ Kvanefjeld စီမံကိန်းအတွက် ဒီဇိုင်းရေးဆွဲရေးအဖွဲ့မှာ ပါဝင်တယ်လို့ JFM က ဖော်ထုတ်ပါတယ်။
CCCC ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အသက်ဝင်ဆဲဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းတွေနဲ့လည်း ဆက်နွှယ်နေပါတယ်။ ပြီးခဲ့တဲ့ NLD အရပ်သားအစိုးရလက်ထက်၂၀၁၈ ခုနှစ်မှာ CCCC ကုမ္ပဏီဟာ အငြင်းပွားဖွယ် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စစ်အုပ်စုဟာ အဲဒီစီမံကိန်းကို ပြန်လည်စတင်ဖို့ စီစဉ်နေကြောင်း သတင်းတွေကဆိုပါတယ်။
ဒါ့အပြင် ဂျူလီဘစ်ရှော့ဟာ ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mineral Resources(MinRes)အတွက်လည်း အလုပ်လုပ် ပေးခဲ့ပြီး အဲဒီကုမ္ပဏီဟာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China Baowu Steel Groupရဲ့ မိတ်ဖက်ဖြစ်တယ်လို့ JFM က ဖော်ပြပါတယ်။
China Baowu Steel Group ရဲ့ ကုမ္ပဏီခွဲတစ်ခုဟာ စစ်အုပ်စုအတွက် ငွေကြေးထောက်ပံ့နေတဲ့ မြန်မာနိုင်ငံရှိ တကောင်းတောင် နီကယ်သန့်စင်စက်ရုံကို လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံမှာ အကျိုးစီးပွားရှိနေတဲ့ ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီများစွာတို့မှာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ရဲ့ ဆက်နွှယ်မှုများဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ အကျိုးစီးပွား ပဋိပက္ခများကို ဖြစ်စေပြီး အဲဒီအကျိုးစီးပွားပဋိပက္ခများကို အလုံးစုံ စုံစမ်းစစ်ဆေးရမယ်လို့ JFM က တိုက်တွန်းပါတယ်။
