TNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ် များ နှင့် စစ်ကောင်စီတပ် တ်ိုက်ပွဲဖြစ်နေသော နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာရှိ စစ်တပ်၏ အမြောက်စခန်းနှစ်ခုမှ တပ်ရင်းများကို စစ်ကောင်စီတပ်ကအပြောင်းအလဲပြုလုပ်လိုက်သည်။
TNLA နှင့် ပူးပေါင်းတပ် တ်ိုက်ခိုက်နေသော အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၃၅၄)တို့မှ တပ်ရင်းနှစ်ရင်းကို စစ်ကောင်စီတပ်က ပြန်ခေါ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ တပ်ရင်းနှစ်ရင်းဖြင့် အစားထိုးလဲလှဲလိုက်ခြင်းဖြစ်ကြောင်း People’s Spring ၏ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
“အခုပြန်ဝင်လာတဲ့တပ်ရင်းတွေကတပ်မ(၁၁)လက်အောက်ခံတွေဖြစ်တယ်။ ဖွဲ့စည်းပုံမပြည့်ဘဲ ပြန်လာရတာ။ TNLA နဲ့ DPLA က စစ်ရေးဗျူဟာအရ ဖွင့်ပေးလိုက်တဲ့လမ်းကနေ တပ်အချိန်းအပြောင်းလုပ်ရတာ”ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
နောက်တန်းသို့ပြန်ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပ်မိသားစုဝင်များက ကြိုဆိုနေသည့်ဓာတ်ပုံများကိုအသုံးပြု၍ တောင်းခမ်းတိုက်ပွဲတွင်အောင်ပွဲရခဲ့သော စစ်သားများကိုကြိုဆိုကြသည် ဟု စစ်ကောင်စီက ဝါဒဖြန့် တယ်လီဂရန်များကမတ်လ ၁၀ ရက်တွင်ဖြန့်ဝေနေသည်။
“တောင်းခမ်းကို စစ်တပ်က လုံးဝပြန်ပြီးမထိန်းချုပ်နိုင်သေးဘူး။ တိုက်ပွဲကဆက်ဖြစ်နေတယ်။တပ်ထဲကိုတော့ ဂျင်းကျွေး( တောင်းခမ်းကို ပြန်ထိန်းချုပ်နိုင်ပြီဟုဝါဒဖြန့်ခြင်း)နေတာ”ဟု နေပြည်တော်မှ စစ်ရေးသတင်းမြစ်ကပြောသည်။
တောင်ခမ်းကျေးရွာ၌ မစခ-၉၀၂နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ(၂၀၆)၊အမတ(၄၀၆)တို့ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။
TNLAပူးပေါင်းတပ်က အမတ(၄၀၆) နှင့် အမတ(၂၀၆)တို့ကို ၂၀၂၄ သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ မစခ-၉၀၂နှင့် အမတ(၃၅၄)တို့အား ဝန်းရံပိတ်ဆို့ထားရာမှ လမ်းကြောင်းတစ်ခုအား ဖွင့်ပေးထားရသည့် အနေအထားဟု မြေပြင်မှတော်လှန်ရေးရဲဘော်တဦးက People’s Springသို့ မတ် ၈ ရက်တွင် ပြောသည်။
“အရင်တုန်းက နှစ်တပ်လုံးကို ဝန်းရံပိတ်ဆို့ထားတဲ့ အနေအထားပေါ့၊ အခုကတော့ အဲဒီ့ တပ်နှစ်တပ်က ဟိုဘက်ဒီဘက်ကူးသွားလို့ရတဲ့ အနေအထားပဲရှိပါသေးတယ်”ဟု ၎င်းက ဆိုသည်။
သို့သော် တော်လှန်ရေးတပ်ဖွဲ့များက အပြီးဆုတ်ခွာရသည်မျိုးမဟုတ်ဟု ဆိုသည်။
” တောင်းခမ်းနယ်မြေကလည်း အကျယ်ကြီးပဲလေ။အရင်တုန်းနဲ့ အခုကမတူတာက အရင်တုန်းကတပ်တွေဝန်းပိတ်ဆို့ထားတာပေါ့။အခုကတော့ တပ်တစ်တပ်နဲ့ တစ်တပ် ကူးလို့ရသွားတဲ့ အနေအထားပါပဲ။ အဓိကက စစ်ကောင်စီလော်ဘီတွေဝါဒဖြန့်ရေးသားနေတာမျိုးကတော့ ပိုပြီးတော့ ကျယ်ကျယ်လောင်လောင်တွေ့နေရတာပေါ့”ဟု ၎င်းက ပြောသည်။
နောင်ချိုမြို့နှင့် မိုင်(၂၀) ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်းခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်ထန်နေပြီး တအာင်းတပ်မတော်(TNLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်း ဖြစ်သည်။
တောင်းခမ်းအပြင် ပြင်ဦးလွင်မြို့နယ်အစပ် ဘန့်ဘွေး နှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း ၂၀၂၄ အောက်တိုဘာ ၂၂ရက်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။ထို့နောက် TNLAဦးဆောင်သော တော်လှန်ရေးတပ်များရှိနေသော ဂန့်ဂေါရွာသို့ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
