ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ယနေ့(မတ်လ ၁၄ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
မတ်လ ၁၃ ရက်(ယနေ့)နံနက်က စစ်ကောင်စီ၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေအပြည့်အစုံအား မသိရသေးပေ။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ နံနက် ၁၀ နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
“ဒီနေ့မနက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကနေ လက်ခတ်တောင်တာဝါတိုင်ကို ၀င်တိုက်ခဲ့တယ်။ အဲဒီမှာ ၁၀ နာရီလောက်ကျတော့ မြိတ်ကလေယာဉ်တက်လာပြီး ဗုံးလာကြဲသွားတယ်”ဟု ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။
လက်ခတ်တောင်တာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၈ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ၏ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးစသည့်သုံးနေရာကို ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တပြိုင်နက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးကြောင်း တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။
