Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ တပ်သားသစ်ခေါ်ခံရသူများ ထွက်ပြေးနိုင်ရေးနည်းလမ်းကြိုတင်လေ့လာကြရန် PDF တပ်ရင်း(၃၅၀၂)တာဝန်ရှိသူ တိုက်တွန်း

စစ်ကောင်စီ၏ အဓမ္မလူသစ်စုဆောင်းခံရသူများအနေဖြင့် ထွက်ပြေးနိုင်ရေးအတွက် ကြိုးစားရန်၊ ထွက်ပြေးရမည့်နည်းလမ်းများ လေ့လာရန် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ်(၃၅၀၂)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(တောင်ငူခရိုင်)တပ်ရင်း၌ ၂၀၂၂ မေလ ၆ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - MOD

မတ်-၁၉၊၂၀၂၅။​ဟန်နွေ/People’s Spring

စစ်ကောင်စီ၏ အဓမ္မလူသစ်စုဆောင်းခံရသူများအနေဖြင့် ထွက်ပြေးနိုင်ရေးအတွက် ကြိုးစားရန်၊ ထွက်ပြေးရမည့်နည်းလမ်းများ လေ့လာရန် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ်(၃၅၀၂)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းသည်။

ရန်ကုန် – မန္တလေး လမ်းဟောင်းအနီး အုတ်တွင်းမြို့နယ် ကျောက်တိုင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား မတ်လ ဒုတိယပတ်အတွင်းက တိုက်ခိုက်ရာပါဝင်ခဲ့သည့် PDF တပ်ရင်း အမှတ်(၃၅၀၂)၏ တာဝန်ရှိသူက လတ်တလော စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ရှင်းပြစဉ် ယခုကဲ့သို့ တိုက်တွန်းခြင်းဖြစ်သည်။

“တိုက်ပွဲနီးစပ်တဲ့ပြည်သူတွေဆိုရင် စကစနဲ့ တက်နိုင်သမျှ ရောနှောနေထိုင်ခြင်း မလုပ်ဖို့နဲ့ လူသစ်စုခံရပြီး ပါသွားပြီဆိုရင် ထွက်ပြေးနိုင်ဖို့ ကြိုးစားရမယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်တဲ့ သတင်းတွေဖတ်ထားရမယ်။ ဒါမှ ပြေးရင် ဘယ်ကိုပြေးလို့ရမလဲ သိမှာ” ဟု တပ်ရင်းအမှတ် (၃၅၀၂)ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

တပ်ရင်း(၃၅၀၂)ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် မတ်လ ၉ရက်တွင် ကျောက်တိုင်ရွာရှိ စစ်ကောင်စီတပ်စွဲရာ နေရာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟု ဆိုသည်။

“နောက်ဆက်တွဲ အနေနဲ့တော့ အဲဒီနေ့ပဲ ကျောက်တိုင်ကို အင်အားပြန်ဖြည့်ပြီး ဝင်လာတယ်။ ကျန်နော်တို့ ဒရုန်းနဲ့ ပြန်ချတယ်။အနီးအနား နောက်တစ်ရွာ ဝင်လာပြီး နင်းမိုင်းတွေလာထောင်တယ်ဗျ။ ကျနော်တို့ ပြန်ရှင်းပေးလိုက်တယ် ၈လုံးရတယ်ဗျ။”ဟု တပ်ရင်း(၃၅၀၂)၏ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ကျောက်တိုင်ရွာ၌ စစ်ကောင်စီတပ်သားများ ပြန်လည်တပ်စွဲထားကြောင်း ၎င်းက ပြောသည်။

“ပြန်ထိုင်တယ်။ လက်နက်ထပ်ပေးချင်လို့ ထင်တာပဲ”ဟု ၎င်းက ပြောသည်။

တပ်ရင်း(၃၅၀၂)သည် ၂၀၂၄ ဒီဇင်ဘာကလည်း အခြားသော PDF၊ ပကဖ တပ်ရင်း၊ တပ်ဖွဲ့များ၊ စစ်ကြောင်းများနှင့် ပူးပေါင်းပြီး ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီ တပ်စစ်ကြောင်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ကြီးများတွင် စစ်မှုထမ်းရန် လူငယ်အများအပြား ဖမ်းဆီးနေပြီး တစ်နှစ်အတွင်း လူငယ်သောင်းချီ ဖမ်းဆီးခဲ့ရာမှာ လက်တလောတွင် စစ်မှုထမ်းအပတ်စဥ် (၁၁) ရောက်ရှိနေပြီဖြစ်သည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်များ၌ လုပ်ခဲ့ကြောင်း မတ်လ ၁၇ရက်က ကြေညာထားသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့တိုက်ပွဲဖြစ်နေသည့် ဒေသများသို့ စစ်မှုထမ်းတပ်သားသစ်များ စေလွှတ်ပြီး ‌ရှေ့တန်းပို့နေသည်။ ထို့ကြောင့် သေဆုံးမှုများနှင့် စစ်တပ်မှ ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့များထံ သွားရောက်ခိုလှုံသူများလည်း အများအပြားရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခံရသည့် တပ်သားသစ်များအနေဖြင့် ရသည့်နည်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်၍ အလင်းဝင် ပူးပေါင်းရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ