မတ်-၁၉၊ ၂၀၂၅။ မိထက်/People’s Spring
ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်ဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလေကြောင်းသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ရေကြည်မြို့၊ မြောက်စမ်းရွာအခြေစိုက် အမှတ် (၃၄၄) အမြောက်တပ် (အမတ-၃၄၄)အနီးနှင့် ပုသိမ်၊မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် မတ်လ ၁၇ရက်မှစ၍တိုက်ပွဲများဖြစ်ခဲ့သည်။ မတ်လ ၁၈ ရက်နေ့ညက ပုသိမ်-မုံရွာကားလမ်းဘေးရှိ လေးမျက်နှာမြို့နယ် ၊ ပိုင်ဝတ်ကုန်းရွာအနီးသို့ ဗုံးသုံးလုံးကြဲချခဲ့ခြင်းဟု ဒေသခံတဦးကပြောသည်။
“ဒေသခံတွေ အရင်ရက်ကတည်းက ရှောင်ကြရပြီ။အခုကျ အကုန်ထွက်လာကြပြီ။ ဗုံးကြဲတဲ့အထိဖြစ်လာလို့ မနေရဲကြတော့ဘူး။ ဗုံးကြဲတာမှာတော့ အရပ်သားထိခိုက်မှုမရှိဘူး” ဟုဝတ်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
လက်ရှိတိုက်ပွဲသည်အမတ(၃၄၄)ကို ဦးတည်နေသည်ဟု ဒေသခံများကသုံးသပ်သည်။ရေကြည်မြို့နယ်အတွင်း ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးကျေးရွာများတွင်လည်း စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် ဒေသခံများ မြို့ပေါ်သို့တိမ်းရှောင်နေကြကြောင်းဒေသခံအချို့ကပြောသည်။
“လက်နက်ကြီးသံတွေကမပြတ်ကြားနေရတယ်။ဟက်စကီးတွေလည်းဝဲနေတယ်။နေလို့အဆင်မပြေတော့ဘူး”ဟု စက်စက်ယိုရွာဒေသခံတစ်ဦးကပြောသည်။
ပုသိမ်၊မုံရွာလမ်းဘေးရှိ စက်စက်ယိုရွာ နှင့် ချင်းလယ်ရွာပတ်ဝန်းကျင်ရှိ ရိုးမတောတွင်းနေရာအချို့၌ တိုက်ပွဲဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာကြောင်း ဒေသခံများကပြောသည်။
ရေနံသာလမ်းဆုံ၊ စက်စက်ယိုလမ်းဆုံတို့ကို စစ်ကောင်စီက ပိတ်ထားပြီး စစ်ဆေးမှုတင်ကြပ်ထားသည်။မြို့နယ်အဝင်ဂိတ်များတွင် ၁၄ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို ဦးစားပေး စစ်နေသည်ဟုသတင်းရရှိသည်။ လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ ဒေသခံပြည်သူများ သတိထားသွားလာကြရန်ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အမတ(၃၄၄)ကိုလည်း စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေပြီးဘန်ကာအသစ်များတူးနေကြောင်း သတင်းရရှိသည်။အမတ(၃၄၄)သည် လက်ရှိတိုက်ပွဲများဖြစ်နေသော သာပေါင်းမြို့နယ်ဘက်သို့ ပစ်ကူပေးနေသည့်နေရာဖြစ်သည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်ဇန်နဝါရီလက ရွှေသောင်ယံမြို့နယ်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ် နှင့် ရခိုင်ရိုးမဆက်စပ်နေရာများတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရွှေ သောင်ယံနှင့်သာပေါင်းမြို့နယ်တိုက်ပွဲများတွင်လည်း စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့သည်။ ရွှေသောင်ယံမြို့နယ် ဘောမိကျေးရွာသည် ပြီးခဲ့သည့် ဇန်နဝါရီလက စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ တရွာလုံးနီးပါးမီးလောင်ပျက်စီးခဲ့သည်။
