အိမ်သွင်/People’s Spring
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးပြီး၁၅ဦးခန့်ဒဏ်ရာများရကာ လက်နက်ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီကအခိုင်အမာတပ်စွဲထားသည့် အဆိုပါစခန်းကို ဗျူဟာ(၂၅)၊ တိုင်းစစ်ဌာန(ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ(၂)၊ အမှတ်(၃၇၀၂)တပ်ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း၊ အမှတ်(၁၈၀၅)ဒရုန်းအထူးတပ်ဖွဲ့ နှင့် KNLA တပ်ရင်း(၉) တို့ကပူးပေါင်း၍ မတ်လ၂၅ရက်နေ့၊ နံနက်၂နာရီ၂၃ အချိန်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျောက်တံခါးတိုက်ပွဲက ပြင်းပြင်းထန်ထန်ကိုဖြစ်တာပါ။ စစ်ရေးအချက်အလက်တွေကတော့ သက်ဆိုင်ရာတပ်ရင်းတွေကပဲထုတ်ပြန်ပါတယ်။ ဒေသခံ လူထုအနေနဲ့ကတော့ စစ်ရေးသတိကို ပိုပြီးအာရုံစိုက်ဖို့လိုပါတယ်”ဟု ကျောက်တံခါးမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှလာရောက် ဗုံးကြဲခဲ့သလို လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်းသတင်းရရှိသည်။ ကွင်းချောင်းဝ နှင့် ပိန်းဇလုပ်မြို့အခြေစိုက် ခလရ (၂၆၄)မှ ဟောင်ဝှစ်ဇာများ၊ ၁၂၀ မမ၊ ၈၀ မမများအပြင် မစ်ဇိုင်းလ် ဒုံးများ ပစ်ခတ်ပြီးအပြင်းအထန်ခုခံခဲ့သည်ဟုပါဝင်တိုက်ခိုက်ခဲ့သော Spring Worrior Columnက သတင်းထုတ်ပြန်ထားသည်။
“ရန်သူစစ်ကောင်စီတပ်ဟာ ဟောင်ဝှစ်ဇာများ မစ်ဇိုင်းလ်များ အသုံးပြုပြီး ခုခံခဲ့ကြပေမယ့် ကျွန်တော်တို့ ဗျူဟာ(၂၅)တပ်ရင်းများနှင့် KNU/KNLA ရင်း(၉) တပ်တို့က အသာစီးရယူထားနိုင်တာကြောင့် စစ်ကောင်စီ ရန်သူတပ်ဟာ jet fighter ပါ အသုံးပြုပြီး ခုခံခဲ့ရပါတယ်။တိုက်ပွဲကြာမြင့်ချိန် (၄)နာရီကျော် အတွင်း စစ်ကောင်စီတပ်သားအလောင်း စုစုပေါင်း (၁၂) လောင်း(မျက်မြင်)နှင့် ထိခိုက်ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ပါတယ်”ဟု Spring Worrior Columnက ထုတ်ပြန်သည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦး သေဆုံးခဲ့ပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာများရရှိကာG-3 (၁)လက်၊လက်နက်ငယ်ကျည် များနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟုတောင်ပိုင်းတိုင်းစစ်ဒေသအမှတ်(၂) စစ်ဒေသခွဲကထုတ်ပြန်ထားသည်။
မတ် ၂၆ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း စစ်ကောင်စီက ဒရုန်းပျံသန်းမှုနှင့် လေယာဉ်ပျံသန်းမှုများရှိနေသည်ဟု ဒေသခံတဦးကပြောသည်။




















































