မတ်-၂၉၊၂၀၂၅။ထားမြတ်/People’s Spring
ငလျင်ဘေးသင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က သဝဏ်လွှာပေးပို့ခဲ့ပြီး ငွေကျပ်သန်း ၂၀၀၀ ကူညီမည်ဖြစ်ကြောင်း UWSA ဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရန်းက အသိပေးသည်။
မတ်လ ၂၈ ရက်တွင် အင်အားပြင်းသည့် ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးနှင့် စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝန်း သက်ရောက်မှုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုများစွာရှိခဲ့ပြီး ကူညီကယ်ဆယ် ရေးများလိုအပ်လျက်ရှိရာ ၀တပ်ဖွဲ့က ငွေကြေးအပြင် ကယ်ဆယ်ရေးပိုင်း၌လည်း ကူညီပေးမည်ဟု ကနဦး အသိပေးထားသည်။
UWSAက ငလျင်ပြည်သူများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့်ထုတ်ပြန်သွားရန်ရှိကြောင်း ဦးညီရန်းက ပြောသည်။

Public Service Announcement
ကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးသင့် ဒေသသို့ စေလွှတ်ရန်ရှိမရှိ မေးမြန်းချက်အပေါ် ဖြေကြားခြင်းမရှိသေးသော်လည်း Wa News Land ၏ ငလျင်ဘေး UWSAက ကူညီပေးမည့် သတင်းဖော်ပြချက်ကို ဦးညီရန်းက ပြန်လည်မျှဝေထားရာ UWSA အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တက်နိုင်သည့်ဘက်က အကောင်းဆုံးကြိုးစားဆောင်ရွက်မည်ဟု ဖော်ပြထားသည်။
ထို့ပြင် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းအားလုံးကိုလည်းအရေးပေါ် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ၌ အင်တိုက်အားတိုက် ပါဝင်ရန် UWSAက တိုက်တွန်းထားသည်ဟု ဆိုသည်။
ကယ်ဆယ်ရေးအဖွဲ့များကို UWSAက အဆင်သင့်ပြင်ဆင်ထားပြီး သက်ဆိုင်ရာဌာနများ၏တောင်းဆိုမှုအရ ငလျင်ဘေးသင့် နေရာများသို့ အချိန်မရွေးသွားရောက်ကယ်ဆယ်သင့်သည့် နေရာများကို အချိန်မရွေးသွားနိုင်ရန် အဆင်သင့်ပြင်ထားသည်ဟု အသိပေးထားသည်။
သဘာဝဘေးဒဏ် ရင်ဆိုင်နေရချိန်လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အဖွဲ့အစည်းအားလုံးတို့ လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖြင့် လက်ရှိနိုင်ငံရေး၊ စစ်ရေးအငြင်းပွားမှုကိစ္စရပ်များကို ခဏတာ ရပ်စဲပြီး ကယ်ဆယ်ရေး၌ ပါဝင်ရန်လည်း တိုက်တွန်းထားသည်ဟု ဆိုသည်။
၀တပ်ဖွဲ့ကဲ့သို့ပင် ကိုးကန့် တပ်မတော်(MNDAA) ကလည်း ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို လားရှိုးကျန်းမာရေးဌာနက အခမဲ့ ကူညီပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။
လုံခြုံရေးကြောင့် ငလျင်ဒဏ်သင့်ဒေသသို့ လူနာများ သွားရောက်ခေါ်ယူဆေးကုသမှု မပြုနိုင်သေးသော်လည်း အရေးပေါ် ကြုံလာပါက ကူညီရန် အသင့်ပြင်ထားကြောင်း MNDAA၏ အထူးဒေသ(၁) ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးအဖွဲ့က အရေးပေါ် ကြေညာထားသည်။
“ဒီကနေ ဆင်းခေါ်ဖို့တော့ ညှိလို့ မရဘူး။ ဟိုကနေ လာရင်တော့ ရတယ်လို့ ကြားပါတယ်” ဟု MNDAA နှင့်နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။ MNDAAက ဒဏ်ရာရ လူနာများ ဆေးကုသပေးရန် ဖိတ်ခေါ်ထားမှုနှင့်ပတ်သက်ပြီး သွားလာရေး အခက်အခဲရှိနိုင်မရှိနိုင်၊ စစ်ကောင်စီ၏ ဟန့်တားမှု ကြုံရနိုင်ခြင်းရှိမရှိ မေးမြန်းချက်အပေါ် MNDAAနှင့်နီးစပ်သူက ယခုကဲ့သို့ဖြေကြားခြင်းဖြစ်သည်။
MNDAAသည် လားရှိုးနှင့် ကိုးကန့်ဒေသကို တိုက်ခိုက်သိမ်းပိုက်ထားသည့်တပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တရုတ်၏ ကြားဝင်ပေးမှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲထားသည်။
စစ်ကောင်စီကမူ ငလျင်လှုတ်ခတ်ပြီးချိန်၌ပင် နောင်ချို၊ ချောင်းဦးနှင့် ဖြူးမြို့နယ်များသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်ခဲ့သည်။


















































