မတ်- ၂၉၊၂၀၂၅ ၊ People’s Spring
ဖျက်အားပြင်းငလျင်ကြီးရဲ့ဘေးဒဏ်သင့်ခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီအချို့ ဒီနေ့ (မတ်လ ၂၉)မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကိုစတင်ရောက်ရှိလာပါပြီ။
ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံ ၊ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့ ဝင် ၃၇ ဦး ဟာ ဒီမနက် ၇ နာရီ ၁၀ မိနစ်က ရန်ကုန်လေဆိပ်ကိုရောက်လာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ ငလျင်ဘေးကြုံရပြီး ၁၈ နာရီအတွင်း ပထမဆုံးရောက်ချလာတဲ့ ပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့လည်းဖြစ်ပါတယ်။

Public Service Announcement
အသက်ကယ်ကိရိယာတွေ ၊ ငလျင်ကြိုတင်သတိပေးစနစ်တွေ ၊ ခရီးဆောင်ဂြိုလ်တုစနစ် ၊ ဒရုန်း အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၁၂ စုံသယ်ဆောင်လာခဲ့တယ်လို့ တရုတ်သံရုံး အသိပေးထားပါတယ်။
သူတို့တွေဟာ ပျက်စီးဆုံးရှုံးမှုတွေရှိတဲ့ နေပြည်တော်ကို အမြန်ဆုံးသွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တရုတ်နည်းတူ အိန္ဒိယနိုင်ငံရဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့နဲ့အတူ လိုအပ်တဲ့ ပစ္စည်းတွေ သယ်ဆောင်လာတဲ့ လေယာဉ် ဒီမနက် ၉ နာရီအချိန်မှာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတယ်သိရပါတယ်။
ငလျင်လှုပ်ပြီး ၂၁ နာရီအကြာမှာ ရောက်ရှိလာတဲ့ အိန္ဒိယ လေတပ်ရဲ့ C-130 လေယာဉ်မှာ စောင်၊တာပေါ်လင်မိုးကာ ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ ၊ အိပ်ယာတွေ ၊ ဆိုလာမီးအိမ်တွေ ၊ အစားအသောက်တွေ နဲ့မီးဖိုချောင်သုံးပစ္စည်းတွေ သယ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယလေတပ် စစ်လေယာဉ်နဲ့အတူ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၊ ဆေးဘက်ဆိုင်ရာအဖွဲ့ တွေလည်း လိုက်ပါလာတယ်လို့ ဖော်ပြပေမယ့် အရေအတွက် ကို ထည့်သွင်းအသိမပေးထားပါဘူး။
အာဏာသိမ်းမြန်မာစစ်ကောင်စီနဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့ ရုရှားအစိုးရကလည်း ကယ်ဆယ်ရေးသမားတွေနဲ့ ဆရာဝန်တွေပါတဲ့လေယာဥ်နှစ်စင်းကို မြန်မာနိုင်ငံဆီစေလွှတ်လိုက်ပြီလို့ ရုရှားသတင်းအေဂျင်စီက ရေးသားဖော်ပြပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မြေငလျင်လိုမျိုးသဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံကောင်းတွေရှိသူတွေဖြစ်တယ်လို့သတင်းကဆိုပါတယ်။
သူတို့တွေက ငလျင်ကြောင့်ပြိုကျတဲ့အဆောက်အအုံတွေအောက်ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေလည်း ပါသွားတယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးသမားတွေနဲ့အတူ မေ့ဆေးဆရာဝန်၊ စိတ်ကျန်းမာရေးဆရာဝန်တွေလည်းပါဝင်တယ်လို့ သတင်းမှာရေးသားထားပါတယ်။ ဒီလေယာဥ်နှစ်စင်းကို ရုရှားအရေးပေါ်အစီအမံဝန်ကြီးဌာနကနေ စေလွှတ်တာလည်းဖြစ်ပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံ စင်ကာပူ အစိုးရ ကလည်း ငလျင်ဘေးသင့်ခဲ့ရတဲ့မြန်မာနိုင်ငံအတွက် ဝမ်းနည်းကြောင်းထုတ်ပြန်ထားပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ဖို့အသင့်ရှိနေတယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် က လူမှုကွန်ရက်မှာ ရေးတင်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြန်မာငလျင် သတင်းကို ကြားသိရပြီး ကူညီမယ်လို့ ထုတ်ပြောလာပေမယ့် ဘယ်ပုံဘယ်နည်း ကူညီမယ်ဆိုတာကို အိမ်ဖြူတော်က အတိအကျ ထုတ်ပြန်တာမရှိသေးပါဘူး။
စစ်အာဏာသိမ်းမှုကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ မနေ့ မတ်လ ၂၈ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က စစ်ကိုင်းမြို့ အနီး နဲ့ မန္တလေးမြို့ကို ဗဟိုပြုပြီး အင်အားပြင်းငလျင်ကြီးနှစ်ခု ၁၂ မိနစ်သာခြားပြီး လှုပ်ခတ်သွားတာပါ။
ကနဦးငလျင်ကြီး က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိပြီး မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆ မိုင်ခန့် က လှုပ်ခတ်သွားပါတယ်။
နောက်ဆက်တွဲ ငလျင်က ၁၂ မိနစ်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်းအား နဲ့ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီငလျင် နှစ်ခုကြောင့် မန္တလေးမြို့ တစ်ခုလုံးနီးပါး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး နိုင်ငံအဝှမ်းမှာလည်း ငလျင်ဒဏ်သင့်ခဲ့ရပါတယ်။ မြန်မာအပြင် အိမ်နီးချင်ထိုင်းနိုင်ငံမှာလည်းငလျင် ကြောင့် ပျက်စီးထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ငလျင်ကြောင့် မန္တလေးမြို့ တစ်ခုလုံးနီးပါး အဆောက်အဦးတွေ ပြိုကျပျက်စီးသွားပြီး အပျက်အစီးဆတွေကြား ပိတ်မိနေသူတွေကို အများအပြားရှိနေပါတယ်။ ပိတ်မိနေသူတွေကို အသက်ကယ်ဆယ်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်းလုပ်ဆောင်ဖို့ လိုအပ်နေတာပါ။
မန္တလေးမြို့ခံတွေရဲ့ပြောပြချက်အရ ရှာဖွေကယ်ဆယ်ရေး အချို့သာရှိပြီး အင်အား ၊ ပစ္စည်းကိရိယာ ၊နည်းပညာ လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။
ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှငလျင်ဒဏ်သင့်ဒေသတွေကို ကယ်ဆယ်ရေးအတွက် အရေးပေါ်အခြေအနေသတ်မှတ်လိုက်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက မတ်လ၂၈ရက် မွန်းလွဲပိုင်းမှာကြေညာထားပါတယ်။
သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှာဖြစ်ပြီး ငလျင်ဘေးအတွက် နိုင်ငံတကာ အကူအညီတွေလည်းရယူသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။


















































