Connect with us

Hi, what are you looking for?

သတင်း

အားပြင်းငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ကနဥိီးအရေးပေါ်အကူအညီ ယူရို ၂.၅သန်း အီးယူပေးအပ်

ဥရောပသမဂ္ဂ(EU)သည် မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်း ယမန်နေ့(မတ်လ ၂၈ရက်)တွင် ထုတ်ပြန်ကြေညာသည်။

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး ပျဥ်းမနားမြို့ ပြိုကျပျက်စီးမှုအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Myo Tayzar Maung/FB

မတ် ၂၉၊ ၂၀၂၅။ အီယိုရီ/People’s Spring

ဥရောပသမဂ္ဂ(EU)သည် မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်း ယမန်နေ့(မတ်လ ၂၈ရက်)တွင် ထုတ်ပြန်ကြေညာသည်။

လူအများအပြားသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်စေခဲ့သည့် မန္တလေးမြို့အနီးတဝိုက်ဗဟိုပြု အင်အားပြင်းငလျင်လှုပ်ခတ်မှုကို ချက်ချင်းတု့န်ပြန်မှုအဖြစ် အီးယူက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုထောက်ပံ့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း အီးယူက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အီးယူသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိကြောင်းလည်း အသိပေးသည်။

“အီးယူဟာ ဒီအားပြင်းငလျင်ကို ကြံ့ကြံ့ခံတောင့်ခံနေကြတဲ့ မြန်မာပြည်သူတွေနဲ့ ဒေသတွင်းက ပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ သဘာဝဘေးတွေကလိုပဲ အီးယူဟာ အလိုအပ်ဆုံးသော ပြည်သူတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်” ဟု တန်းတူညီမျှ၊ ကြိုတင်ပြင်ဆင်ရေးနှင့် ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာ မဟာမင်းကြီး Hadja Lahbib က ပြောသည်။

အီးယူ၏ ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဖော်ပြသည်။

စင်ကာပူကြက်ခြေနီအဖွဲ့(SRC)ကလည်း ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကနဦးအကူအညီ စင်ကာပူဒေါ်လာ ၁၅၀,၀၀၀ ပေးအပ်ကြောင်း ကြေညာသည်။

မလေးရှားသဘာဝဘေးအထောက်အကူပြုနှင့် ကူညီကယ်ဆယ်ရေးအထူးအဖွဲ့(SMART)သည် အဆိုးရွားဆုံးငလျင်ဘေးသင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးရှာဖွေရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် Datuk Seri Ahmad Zahid Hamidi က ပြောသည်။ အဆိုပါ အဖွဲ့သည် ယနေ့(မတ်လ ၂၉)နေ့ခင်း ၁နာရီတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု မလေးရှား ဒုဝန်ကြီးချုပ်က ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့ဝင် ၃၇ဦးပါ အဖွဲ့သည် ယနေ့(မတ်လ ၂၉ရက်) နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း ရန်ကုန်မြို့၊ တရုတ်သံရုံးက ထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလည်း မြန်မာနိုင်ငံ အင်အားပြင်းငလျင်အတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်အသင့်ရှိကြောင်း ယမန်နေ့တွင် ပြောကြားထားသည်။

ယမန်နေ့(မတ်လ ၂၈ရက်)နေ့လည်ပိုင်း ၁၂ နာရီ ၅၀မိနစ်တွင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အနီးတဝိုက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇.၇ ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် မန္တလေးမြို့၌ လူသေကြေမှု၊ ဒဏ်ရာရရှိမှု၊ ထိခိုက်ပြိုကျ၊ ပျက်စီးမှု အများဆုံးဖြစ်ခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းမြို့အချို့၊ ရှမ်းပြည်နယ်တောင်ပိုင်းမြို့အချို့တို့တွင်လည်း လူသေဆုံးမှုများ၊ အဆောက်အဦပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါအခြေအနေတွင် အာဏာသိမ်းစစ်ကောင်စီက အင်အားပြင်းငလျင်ဘေးသင့်ပြည်သူများကို ထိရောက်စွာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည့်အစား မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများကို လေကြောင်းမှ တိုက်လေယာဥ်များ၊ စက်တပ်လေထီးများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ငလျင်မလှုပ်ခင်နှင့် ငလျင်လှုပ်အပြီးတွင် ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။