Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်ပြည်သူများထံ အကူအညီအမှန်တကယ်ရောက်ရှိရေး စောင့်ကြည့်ရေးယန္တရားထားရှိရန်လိုဟု နိုင်ငံတကာအား KNU တိုက်တွန်း

အကူအညီ အမှန်ကတယ်လိုအပ်နေသည့် ငလျင်ဘေးသင့် ပြည်သူများထံ အကူအညီများရောက်ရှိရေးအတွက် ပွင့်လင်းမြင်သာသည့် စောင့်ကြည့်ရေးယန္တရား ထားရှိရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုင်ငံတကာအား တိုက်တွန်းလိုက်သည်။

“နာဂစ်မှာ ဒါတွေမရှိခဲ့လို့ အကုန်လုံးက စစ်အုပ်စုက သူ့ကိုယ်ကျိုးအတွက် သုံးသွားပြီးတော့ ဘယ်လောက်အထိ ယုတ်မာရိုင်းစိုင်းခဲ့သလဲဆိုရင် ရလာတဲ့အကူအညီအပေါ်မှာ စစ်အုပ်စုရဲ့ တံဆိပ်ကပ်ပြီး သူတို့မိသားစုနာမည်ကောင်းအောင်လုပ်တဲ့ဟာတွေက အများကြီးဖြစ်ခဲ့တယ်” – ပဒိုစောတောနီး

မတ်-၃၁၊၂၀၂၅။ဟန်နွေ/People’s Spring

အကူအညီ အမှန်ကတယ်လိုအပ်နေသည့် ငလျင်ဘေးသင့် ပြည်သူများထံ အကူအညီများရောက်ရှိရေးအတွက် ပွင့်လင်းမြင်သာသည့် စောင့်ကြည့်ရေးယန္တရား ထားရှိရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုင်ငံတကာအား တိုက်တွန်းလိုက်သည်။

လက်ရှိ ရင်ဆိုင်နေရသည့် ငလျင်ဘေးနှင့်ပတ်သက်ပြီး နိုင်ငံတကာက ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်အုပ်စု(စစ်ကောင်စီ)က ကိုယ်ကျိုးအတွက် အသုံးပြုနိုင်ရေး KNUက ယခုကဲ့သို့ အကြံပြုလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက စစ်အုပ်စု ကနေပြီးတော့ မိမိကိုယ်ကျိုးအတွက် အသုံးမပြုနိုင်ဖို့ ဆိုရင်တော့ ဒီအကူအညီအားလုံး သူတို့ဆီကို တိုက်ရိုက်စီးဝင်တဲ့ ဟာမျိုး လုံး၀ မလုပ်သင့်ဘူး။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု တကယ်မြေပြင်မှာ အကောင်အထည်ဖော်မယ့်လူတွေလက်ထဲ တိုက်ရိုက်ထည့်ပေးတာ ပိုပြီးတော့ အသင့်တော်ဆုံးဖြစ်တယ်။ ဒုတိယ အချက်အနေနဲ့ကတော့ တကယ်ကို အကူအညီလိုအပ်နေတဲ့ လူထုတွေဆီ ရောက်ဖို့ အတွက်ဆို ရင်တော့ ပေးလိုက်တဲ့အကူအညီတွေက ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု တော့ သိပ်လိုအပ်တယ်။ အဲဒါကြောင့်မို့လို့ Monitoring mechanism လို့ ခေါ်တဲ့ အမြဲတမ်း စောင့်ကြည့်လေ့လာရေး ယန္တရား တခုက ရှိဖို့တော့လိုတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

အကူအညီများ လူထုထံရောက်မရောက် စစ်ဆေးသည့် ယန္တရားရှိမှသာ ယခင် ၂၀၀၈ကာလ နာဂစ်မုန်တိုင်းတွင် ကြုံရသည့် အခြေအနေမျိုး ရှောင်ရှားနိုင်မည်ဟု ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ နာဂစ်မှာဒါတွေမရှိခဲ့လို့ အကုန်လုံးက စစ်အုပ်စုက သူ့ကိုယ်ကျိုးအတွက် သုံးသွားပြီးတော့ ဘယ်လောက်အထိ ယုတ်မာ ရိုင်းစိုင်းခဲ့သလဲဆိုရင် ရလာတဲ့အကူအညီအပေါ်မှာ စစ်အုပ်စုရဲ့ တံဆိပ်ကပ်ပြီး သူတို့မိသားစု နာမည်ကောင်းအောင် လုပ်တဲ့ဟာတွေက အများကြီးဖြစ်ခဲ့တယ်လေ။ နောက်ပြီး ပစ္စည်းတွေ ဗုံးပေါလအော နဲ့ စျေးထဲမှာ ရောက်ချင်သလို ရောက်နေတဲ့ဟာတွေ အဲဒါတွေက တော်တော်လေးကို ဆိုးတယ်။ ဒါက တိုင်းပြည်ရဲ့ ပုံရိပ်ကိုလည်း အရမ်းထိခိုက်တယ်။အဲဒါကြောင့်မို့လို့ ဒါတွေ လုံး၀ မဖြစ်ဖို့ဆိုရင် နိုင်ငံတကာက သေချာ ကြပ်ကြပ်မတ်မတ်လုပ်ဖို့ တော့လိုတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

အကူအညီများ လိုအပ်သည်မှာ မှန်သော်လည်း မရောက်သင့်သူများထံရောက်ပါက များစွာ အဆင်မပြေဟု ပြောသည်။

KNU၏ မတ်လ ၃၀ရက် ထုတ်ပြန်ချက်တွင် ငလျင်ဒဏ်ခံရသည့် ပြည်သူများအတွက် ပေးအပ်သည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများအပေါ် စစ်တပ်က အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်မထုတ်စေရန်အတွက် အနီးကပ်အကဲဖြတ်စောင့်ကြည့်သည့်လုပ်ငန်းစဉ်ကို ထည့်သွင်းထားရန် တိုက်တွန်းထားသည်။

KNU၏ ထုတ်ပြန်ချက်တွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် စိုးရိမ်ပေးကြပြီး အချိန်တိုကာလအတွင်း ကူညီရန်ကမ်းလှမ်းရောက်ရှိ လာကြသော နိုင်ငံတကာမှ အစိုးရများ၊ အဖွဲအစည်းများအပြင် ဒေသခံပရဟိတအဖွဲများနှင့် ပြည်သူများ၏ ကူညီမှုများကို ကြိုဆိုကြောင်း ဖော်ပြကာ ကျေးဇူးတင်ကြောင်း အသိပေးသည်။

သာမာန်အခြေအနေတွင် နိုင်ငံတစ်နိုင်ငံ၏ သဘောဝဘေးအန္တရာယ်ကို တုံပြန်သည့်အနေဖြင့် စစ်တပ်သည် ဦးစွာ ပါဝင်ကြရသော်လည်း စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်ရှိသော စစ်တပ်သည် တိုင်းပြည်၏ ကြွယ်ဝမှုနှင့် အခွင့်ထူးများရယူ အလွဲသုံးစားပြုလုပ်ပြီး ပြည်သူကို ဦးတည်တိုက်ခိုက်ရန်သာ တပ်စွဲဖြန့်ကျက်ထား ကြောင်း သတိပေးသည်။

ထို့အပြင် ပြည်သူအများ မြေငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားနေရချိန်တွင် စစ်ကောင်စီအနေနှင့် အရပ်သားနေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် ကျူးလွန်နေသည်ကိုလည်း ဝမ်းနည်းစွာတွေ့ရှိရဟု ဖော်ပြသည်။

ငလျင်ဘေးသင့်သော ပြည်သူများသည် စစ်ကောင်စီ ထိန်းချုပ်နယ်မြေ အောက်တွင်ရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲများ ထိန်းချုပ်ထားသည့် နယ်မြေများတွင်ရှိနေသည်ကို သတိမူရန် သတိပေးထားသည်။

ထို့အပြင် ငလျင်ဘေးအကူအညီများပေးအပ်ရာတွင် အပြိုင်အကူအညီပေးသည့် လုပ်ငန်းစဉ်များကို အခြေခံ၍မြေပြင်ပေါ်တွင် အကူအညီပေးနေသော ဒေသခံအသိုင်းအဝိုင်း များမှ တစ်ဆင့်အမှန်တကယ်လိုအပ်နေသူများထံသို ရောက်ရှိရေးလုပ်ဆောင်ရန် နိုင်ငံတကာ ကို KNU က တိုက်တွန်းသည်။

KNU အနေဖြင့်လည်း အရေးပေါ်လိုအပ်မှုများကို တုံပြန်ကူညီဆောင်ရွက်နိုင်ရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ တတ်နိုင်သည့်နည်းလမ်းမှ ပါဝင်သွားမည်ဟုလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။