Connect with us

Hi, what are you looking for?

သတင်း

မန္တလေး Sky Villaကွန်ဒိုအတွင်း ပိတ်မိနေသေးသူ ၂၀၀ကျော်ကျန်ရှိ၊ အသက်ရှင်သူ နှင့် သေဆုံးသူ ၁၀၀ခန့် ထုတ်ယူထား

မန္တလေးမြို့ Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးသမားက ကယ်ဆယ်နေစဉ်။

ဓာတ်ပုံ – Shwe Mandalay Rescue

မန္တလေးမြို့ Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးသမားက ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - Shwe Mandalay Rescue

■​ကွန်ဒို၏ တောင်ဘက်နှင့် အနောက်ဘက်ခြမ်း ကယ်ဆယ်ရေးလုပ်ငန်းအချို့ရပ်နား ၊အသက်ရှင်ရန်​မျှော်လင့်ချက် မရှိ​တော့သော်လည်း ဆက်ရှာမည်ဟု ကယ်ဆယ်​ရေးအဖွဲ့​ပြော

မတ်-၃၁၊၂၀၂၅။ရဲခေါင်၊ခွာညို/People’s Spring

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသေးသူ ၂၀၀ ကျော်ကျန်ရှိ​နေပြီး အသက်ရှင်သူနှင့် သေဆုံးသူ ၁၀၀ခန့်ကို ထုတ်ယူထားနိုင်ကြောင်း အဆိုပါကွန်ဒိုပြိုကျမှုတွင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က ယနေ့ (မတ်လ ၃၁ ရက်)တွင် လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ မန္တလေးတိုင်းအစိုးရ၏ စာရင်းအချက်အလက်အရ Sky Villa ကွန်ဒိုတွင် နေထိုင်သူဦးရေသည် ၃၅၀ ခန့်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ လေးရက်မြောက်နေ့အထိဆိုရင် ကွန်ဒိုထဲက ထုတ်ထားနိုင်သူအရေအတွက်က ၁၀၀လောက်ရှိတယ်။အဲဒီမှာ သေဆုံးသူက ၄၀လောက်ပါတယ်”ဟု Sky Villa ကွန်ဒိုတွင် ကူညီကယ်ဆယ်နေသူတစ်ဦးက ရှင်းပြသည်။

ငလျင်ကြီးလှုပ်ပြီး ၄ ရက်​မြောက်​နေ့ပိတ်မိနေသူများကို ကယ်ဆယ်​ရေးလုပ်ရာတွင် အ​ဆောက်အအုံ၏ ​တောင်ဘက်အခြမ်းနှင့် အ​နောက်ဘက်ခြမ်းမှ ကယ်ထုတ်သူများ၌အသက်ရှင်လျက်ရှိသူမ​တွေ့ရ​တော့ဘဲ ထိုအခြမ်း၌ အသက်ရှင်လျက်ရှိသူမရှိနိုင်တော့ဟု ကယ်ဆယ်ရေးကျွမ်းကျင်သူများ၏ သုံးသပ်ချက်ဖြင့် ​တောင်ခြမ်းနှင့် အ​နောက်ခြမ်းရှာဖွေကယ်ဆယ်ရေးရပ်နားလိုက်ပြီဟု ကယ်ဆယ်​ရေးလုပ်ကိုင်​နေသူအချို့က​​ ပြောသည်။

“မဖြစ်နိုင်တော့ဘူးလို့ဆုံးဖြတ်ကြတယ်ဗျ။ အဓိကကတော့ အခြေအနေဆိုးတဲ့ တောင်ခြမ်းနဲ့ အနောက်ဘက်ခြမ်းပေါ့။ အဲ့နေရာတွေ ရှာဖွေကယ်ဆယ် ရေးကို ရပ်လိုက်ကြရပြီ။ ဒီမနက် ၁၀နာရီခန့်က” ဟု ယင်းနေရာရှိ မန္တလေးမြို့မှလူမှုရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သို့​သော် ​​မြောက်ဘက်ခြမ်းတွင် ရှာ​ဖွေကယ်ဆယ်​ရေးဆက်လက်လုပ်​နေသည်ဟု သိရသည်။ကွန်ဒိုတွင် ရှာ​ဖွေကယ်ဆယ်​ရေးကို ​တောင်ခြမ်းနှင့် ​မြောက်ခြမ်းတွင် အဓိကလုပ်ကိုင်ခြင်းဖြစ်​ကြောင်းသိရသည်။

“ကွန်ဒို မြောက်ဘက်ခြမ်းမှာတော့ ကယ်ဆယ်ရေး ဆက်လက်နေတုန်းပဲ”ဟု မြေပြင်ရှိသူတစ်ဦးက ပြောသည်။

စစ်​ကောင်စီလက်​အောက်ခံမီဒီယာအချို့ကလည်း ကွန်ဒို၏ တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများသည် အသက်ရှင်လျက်မရှိနိုင်တော့၍ ကယ်ဆယ်ရေးများ ရပ်နားလိုက်ကြောင်း ဖော်ပြသည်။ တရုတ်ရုာ​ဖွေကယ်ဆယ်​ရေးမှ ကျွမ်းကျင်သူများအကြံပြုချက်ဖြင့် ရပ်နားခြင်းဖြစ်ပြီး ​မြေငလျင်​ကြောင့် ပိတ်မိ​နေသူများရှိ​သောကျန်​နေရာများကို ဆက်လက်ရှာ​ဖွေမည်ဟု ဆိုသည်။

သို့​သော် မန္တလေးမြို့မီးသတ်ဦးစီးဌာနက မတ်လ ၃၁ ရက် မွန်းလွဲပိုင်းသတင်းထုတ်ပြန်ရာတွင်”မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် Sky Villa အဆောက်အဦ ပြိုကျပျက်စီးသည့်နေရာတွင် ၃၁.၃.၂၀၂၅ ရက်နေ့တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မ(၂)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ မ(၂)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပါသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်”ဟု ​ဖော်ပြထားသည်။

ပိနေသူများ အသက်ရှင်မည်ဟု မျှော်လင့်ချက်မရှိတော့သော်လည်း ရှာဖွေရေးဆက်လုပ်သွားမည်ဟု Sky Villa ကွန်ဒိုပြိုကျမှုကို ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ယ‌နေ့ မွန်းလွဲ ၁နာရီခွဲ၌ပြောသည်။

ယင်းနေရာတွင် ပိတ်မိနေသူအချို့ကို မတ်လ ၂၉ရက်ကစတင်၍ ကယ်ဆယ်ရေးအဖွဲ့က အဆက်အသွယ်ရခဲ့သော်လည်း စက်ကိရိယာနှင့် နည်းပညာအခက်အခဲကြောင့် ကယ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။

ပိတ်မိသွားသူများတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် မိသားစုဝင်များလည်း ပါဝင်ခဲ့သည်။ ၎င်းတို့ကို ကယ်ဆယ်နိုင်ရေးအတွက် နာရီပေါင်းများစွာကြိုးစားခဲ့ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကပြောသည်။ ပိတ်မိနေသူများအနက်မှ တစ်ဦးကို ယနေ့(မတ်လ ၃၁ရက်)နံနက်အစောပိုင်းတွင် ဆွဲထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပိတ်မိနေသည့်သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်မိသားစုဝင်အချို့ သေဆုံးသွားပြီဟု ၎င်းတို့၏ ဆွေမျိုးတစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

“ထားသွားကြပါပြီ။ အမေ၊မမ၊သမီးလေးနဲ့ကိုကြီးက ကျွန်မကို ထားသွားကြပါပြီ”ဟု အဆိုပါမိသားစုဝင်က ရေးထားသည်။

အောင်မြေသာဇံမြို့နယ်၊လမ်း၆၀၊ ၂၃×၂၄ လမ်းကြားရှိ တစ်ဧက အကျယ်ပေါ်တွင် တည်ဆောက်ထားသော Sky Villa ကွန်ဒိုတွင် အထပ် ၁၁ထပ်ရှိအဆောက်အအုံ သုံးလုံးတွဲပါရှိကာ ငလျင်လှုပ်ခတ်မှုအတွင်း အဆောက်အအုံနှစ်လုံးမှာ အလုံးစုံပြိုကျပြီး ကျန်တစ်လုံးမှာလည်း ၄ထပ်ခန့် မြေကြီးထဲနစ်ဝင်သွားခဲ့သည်။

Sky Villa ကွန်ဒိုအိမ်ရာစီမံကိန်းကို စစ်တပ်နှင့်ဆက်နွယ်နေသော အောင်မြင်သူကုမ္ပဏီက တည်

ဆောက်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သည်ဟုကြေညာရောင်းချခဲ့ဟု သတင်းများထွက်ပေါ်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။