Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ရက်ပိုင်းအတွင်း စစ်ကောင်စီပြန်ဝင်မည်ဟု သတင်းထွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ကိုးကန့်တပ်မတော်(MNDAA) တပ်များ ဆုတ်ခွာရန်နှင့် စစ်ကောင်စီက ချက်ချင်းနေရာပြန်ယူရန် တရုတ်အစိုးရက ဖိအားပေးမှုပိုလုပ်လာပြီး ယခုရက်ပိုင်းအတွင်း အခြေအနေများရှုပ်ထွေးနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

MNDAAသိမ်းပိုက်ထားသော လားရှိုးမြို့တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

▪︎MNDAA အနေဖြင့် ထွက်ခွာပေးခြင်းမပြုရန် လားရှိုးမြို့ခံများ တောင်းဆို

ဧပြီ ၄၊ ၂၀၂၅။စိုင်းနန်၊ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ကိုးကန့်တပ်မတော်(MNDAA) တပ်များ ဆုတ်ခွာရန်နှင့် စစ်ကောင်စီက ချက်ချင်းနေရာပြန်ယူရန် တရုတ်အစိုးရက ဖိအားပေးမှုပိုလုပ်လာပြီး ယခုရက်ပိုင်းအတွင်း အခြေအနေများရှုပ်ထွေးနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

” ၁၇ရက်နေ့ကို တရုတ်ဘက်က အဖွဲ့တစ်ဖွဲ့ လားရိူးကို ဝင်လာမယ်တဲ့။ MNDAAအနေနဲ့ အဲ့ဒီမတိုင်ခင် အသုတ်လိုက်ထွက်ပြီး စစ်တပ်က တစ်ခါတည်း ပြန်အထိုင်ချမယ်တဲ့။ ဒီသတင်းက သေချာသလောက်ကို မြို့ခံတွေကြားသိနေရတဲ့သတင်းပါ”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

MNDAA၏ မြို့အုပ်ချုပ်ရေးယန္တရားပါဝင်ဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများလည်း လောက်ကိုင်မြို့သို့ အသုတ်လိုက်ထွက်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“ရုံးတွေထဲကို ကုန်တင်ကားတွေ ခါလီဝင်တယ်။ ပြီးရင် ပရိဘောဂတွေ၊ ရုံးဆောင်ရွက်စာတမ်းတွေသယ်ပြီး လောက်ကိုင်ကို သွားနေတယ်။ ရှေ့ဆက်ပေးဘာတွေဖြစ်မလဲဆိုတာကတော့ မှန်းဆလို့မရနိုင်အောင်ပဲ” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

လက်ရှိအခြေအနေကို MNDAAက သတင်းတစ်စုံတစ်ရာမထုတ်ပြန်သေးသော်လည်း လားရှိုးမြို့အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ပုံမှန်သတင်းထုတ်ပြန်ပေးနေသည့် MNDAAသတင်းရင်းမြစ်အချို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ပုံမှန်မဟုတ်သည့် အခြေအနေအချို့ကို အရိပ်အကဲဖော်ပြထားသည်။

“လ၀က ၊ ပညာရေး၊ ကျန်းမာရေး အရင်ဝင်လာလိမ့်မယ်။ ၂၂ရက်နေ့မှာပါ”ဟု MNDAAနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် MNDAAကို လားရှိုးမြို့မှ ပြန်မဆုတ်စေချင်ဟုသိရသော်လည်း ဖိအားများစွာ ကြုံနေရဟု သတင်းရင်းမြစ်က ပြောသည်။

” အရင်အစည်းအဝေး ဒုတိယနေ့မှာ ပြန်မဆုတ်ရင် စကစလေကြောင်း ဗုံးကြဲမယ်လို့ အကြပ်ကိုင်တယ်။ တရုတ်က စီးပွားရေး၊ကုန်သွယ်ရေး ဂိတ်ပိတ်မယ်လို့ ဖိအားပေးတယ်။ တခြားဖိအားတွေလည်း အများကြီးပါ။ ပြည်သူတွေကတော့ ပြန်မဆုတ်စေချင်ဘူး။ စကစ ပြန်ဝင်လာရင် စစ်မှုထမ်း ကောက်တော့မှာ။ အဲဒါကြောင့် ပြည်သူတွေကို ကြိုပြင်ဆင်နိုင်အောင်လို့ ပြောပြတာပါ”ဟု MNDAAနှင့် နီးစပ်သူက ပြောသည်။

လားရှိုးမြို့နေသူတစ်ဦးက MNDAA အနေဖြင့် ပြန်ဆုတ်ပေးခြင်းမျိုး လုံး၀ မဖြစ်သင့်ဟု ပြောသည်။

“ဖိအားတွေကြောင့်ဆိုတာလည်း နားလည်ပါတယ်၊ ပြည်သူတွေကလည်း ပြန်မဆုတ်ဘဲ ဖြစ်ချင်တာဖြစ်ပြန်တိုက်စေချင်တာပါ။ ကျမဆန္ဒကလဲ ပြည်သူတွေနဲ့ ထပ်တူပါ။ ပြည်သူထဲက ပြည်သူတစ်ယောက်မို့ပါ”ဟု ၎င်းက ပြောသည်။

MNDAA၊ တအာင်းတပ်မတော်(TNLA)တို့နှင့် နီးစပ်သော ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းရင်းမြစ်တစ်ဦးကလည်း လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲသို့ပြန်အပ်နိုင်ရေးအတွက် တရုတ်က လက်တွေ့ကျကျလုပ်ဆောင်လာကြောင်း ပြောသည်။

” လားရှိုးမြို့ခံတွေက နယ်ရုပ်တွေဖြစ်နေပြီ။ ဆက်ပဲနေရမလား။ ပြန်ပဲပြေးရမလား မသိဘူး။ အဲဒီလိုဖြစ်နေတာက တော်တော်ခက်ခဲတဲ့အခြေအနေပါ။ ၁၀၂၇ တတိယလှိုင်းလည်း သတင်းထွက်နေပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

လားရှိုးမြို့အခြေအနေနှင့်ပတ်သက်၍ MNDAA ကရော စစ်ကောင်စီပါ သတင်းမထုတ်ပြန်၍ လတ်တလောအခြေအနေများကို အသေးစိတ်မသိရှိရသေးပေ။ ထို့အပြင် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAAပူးပေါင်းတပ်က ၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ထားသည်။ စစ်ကောင်စီက ရမခကို လားရှိုးမြို့နယ်ရှိ မိုင်းရယ်မြို့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အင်အား ၁၀၀၀၀ခန့်အထိ စုစည်းထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

တစ်ဖက်တွင်လည်း လာရှိုးမြို့ကိုပြန်ပေးရန် တရုတ်အကူအညီဖြင့် စစ်ကောင်စီက ပြန်တောင်းနေသည်။ သို့သော် MNDAAက လက်မခံဘဲမြို့၏ အုပ်ချုပ်ရေးယန္တရားလှည့်ပတ်ရေး၊ ပြန်လည်စည်ကားရေးကို အရှိန်မြှင့်ကြိုးပမ်းနေသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီကလည်း လားရှိုးမြို့၌ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ တပို့တွဲလ ထမနဲထိုးပွဲကို MNDAAက ကျင်းပခဲ့သလို လာမည့်သင်္ကြန်ပွဲတော်ကိုလည်းစည်းကားစွာကျင်းပမည်ဟု ကြေညာခဲ့သည်။ သို့သော် မတ်လ ၂၈ရက်က ငလျင်ဒဏ်ကြောင့် ပြည်သူများခံစားနေရ၍ သင်္ကြန်ပွဲတော်နှင့် တခြားပွဲလမ်းသဘင်များ မပြုလုပ်တော့ရန် ဆုံးဖြတ်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

လားရှိုးမြို့ကို စစ်ကောင်စီတပ်ကပြန်လည်နေရာယူမည့်သတင်းသည် ဧပြီ၂ရက်က ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းမတိုင်မီ မတ်လ ၂၂ရက်က MNDAAနှင့် စစ်ကောင်စီသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံကြပြီး နယ်မြေအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ် သဘောတူညီချက်မရရှိခဲ့ဘဲ ဆွေးနွေးပွဲပျက်ခဲ့သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါဆွေးနွေးပွဲပျက်သွားပြီးနောက် လားရှိုးမြို့အတွက်လေကြောင်းအန္တရာယ်သတိပေးချက်ကို MNDAA ၏ လားရှိုးမြို့သတင်းထုတ်ပြန်ရေးတာဝန်ရှိသူတစ်ဦးက သတိပေးခဲ့သည်။

MNDAA အနေဖြင့် လားရှိုးမှပြန်လည် မဆုတ်ခွာရန်နှင့် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ပေးရန် မတ်လ ၂၀ရက်ညတွင် ဒေသခံအချို့က ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

လက်ရှိကာလသည် မြောက်ပိုင်းညီနောင်သုံးသုံးဖွဲ့အတွက် အစမ်းသပ်ခံကာလဖြစ်ပြီး စည်းလုံးညီညွတ်မှုနှင့် နားလည်မှုပိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု မတ်လ ၁၁ရက်က ကျင်းပသည့် MNDAA၏ (၃၆) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ TNLAနှင့် အာရက္ခတ​ပ်တော် (AA) က သဝဏ်လွှာပေးပို့ခဲ့သည်။ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ညီနောင်မဟာမိတ်ပီသစွာဖြင့် စုစည်းကျော်ဖြတ်သွားရန် အမြဲအသင့်ရှိသည်ဟု TNLA နှင့်AAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။