ဧပြီ ၆၊၂၀၂၅။ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး စိုးရိမ်ရကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းထားသည့် ရာမညစစ်ကြောင်းက ယနေ့ (ဧပြီ ၆ရက်) ထုတ်ပြန်သည်။
ဧပြီ ၅ရက်က သံဖြူဇရပ်မြိုနယ် ရဲတံခွန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ကလိန်ပဒေါကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ဟု ဆိုသည်။
ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလိန်ပဒေါရွာနေ ပြည်သူတစ်ဦးနှင့် နောက်ထပ်ဒေသခံ တစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
ထို့အပြင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဆို သည်။
စစ်ကောင်စီတပ်သည် ဒေသတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ပွဲမရှိသည့် နေရာကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထို့ပြင် နိုင်ငံတွင် ငလျင်ဘေးအန္တရာယ် ပြင်းထန်စွာခံစားနေချိန်တွင် စစ်ကောင်စီတပ်က ယာယီအပစ် အခတ်ရပ်စဲရေး ထုတ်ပြန်ထားသော်လည်း ကိုယ်တိုင်လေးစားလိုက်နာခြင်းမရှိပဲ အပစ်မဲ့ပြည်သူများအား ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရာမည စစ်ကြောင်းက ထုတ်ပြန်သည်။
ရာမညစစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ ပူးပေါင်းပြီး ယခုနှစ် ဇန်နဝါရီတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခင်ကတည်းက ဒေသတွင်း ကရင်တပ်၊ PDF တပ်ဖွဲ့များနှင့်ပူးပေါင်း စစ်ရေးဖော်ဆောင်နေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များက မွန်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်မှုများ တိုးမြှင့် လုပ်ဆောင်ရန် ရာမညပူးပေါင်းစစ်ကြောင်းကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ကချင်ပြည်နယ် ၀ိုင်းမော်၊ ဗန်းမော်၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ အင်းတော်ကြီးဒေသ၊ ရှမ်းမြောက် နောင်ချို၊ ရက္ခိုင်ပြည် တောင်ကုတ်၊ မြောက်ဦး၊ မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျဉ်း၊ ညောင်ဦး၊ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်စသည့် နေရာဒေသ အနှံ့အပြား၌ လေကြောင်း တိုက်ခိုက်ခြင်း၊ ဒရုန်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး စစ်ရေးဖော်ဆောင်ခြင်းများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်


















































