ဧပြီ ၈၊၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့ စစ်၏ ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။
ဧပြီ ၆ရက်က ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် PNAပြည်သူ့စစ် ပူးပေါင်စစ်ကြောင်းနှင့် တိုက်ပွဲအတွင်း ပစ်ချခဲ့ခြင်းဟု ဆိုသည်။
“တိုက်ပွဲဖြစ်နေချိန် ရန်သူ့က ဒရုန်းနဲ့လာချတာ။စနိုက်ပါရဲဘော်က ပထမအကြိမ်ပစ်လိုက်တာ ဗုံးသီးပြုတ်ကျသွားပြီး ဒုတိယတစ်ကြိမ်ထမှာ ဒရုန်းကိုပြစ်ချနိုင်ခဲ့တာပါ”ဟု ကိုအင်းသွေးနီက ဒရုန်းပစ်ချနိုင်ခဲ့မှုကို ရှင်းပြသည်။

Public Service Announcement
စစ်ကောင်စီဒရုန်းကိုပစ်ချနိုင်မှုသည် အင်းလေးPDFအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ၎င်းက အသိပေးသည်။
စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တို့သည် ညောင်ရွှေမြို့နယ်၏တောင်ပိုင်းရှိ ၎င်းတို့ ဆုံးရှုံးထားရသောနယ်မြေများပြန်ရရန် ပြည်သူများငလျင်ဘေးခံစားနေသည့်အချိန်တွင် စစ်ကြောင်းထိုးမည်ဟု ဧပြီ ၆ရက်တွင် ကြေညာခဲ့သည်။
ထိုနေ့ပင် ရေပူကျေးရွာအရှေ့ဘက်ခြမ်း စစ်ကြောင်းထိုးရာတွင် ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။
စစ်ကောင်စီတပ်နှင့် PNAပြည်သူ့စစ်တို့သည် ဖယ်ခုံမြို့မြောက်ဘက်ခြမ်းကိုလည်း စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပြီး ဧပြီ ၃ ရက်တွင် ခေါင်းအိရွာသစ်ဘက်၌ စစ်ကောင်စီတပ်၏ အသေခံဒရုန်း ၂စီး အနက် တစ်စီးကိုပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၂)တပ်ရင်းက ထုတ်ပြန်ထားသည်။


















































