Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းငါးခုကို Major Operationအဖြစ် တော်လှန်ရေးတပ်များ သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေးနှင့် မကွေးတိုင်း ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအား Major Operationအဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့ကြောင်း CDF-KKG တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ABSDF Column - 3

◾️လက်နက်ခဲယမ်းအများအပြားသိမ်းရ

◾️တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ ၁,၀၀၀ကျော် ပြုလုပ်

◾️CDF-KKG Major Operation ဆက်ရှိနေမည်

◾️ကလေး-ဂန့်ဂေါလမ်းပိုင်းကြား ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများဆက်လက်တိုက်ခိုက်မည်ဟု သတိပေး

Public Service Announcement

Public Service Announcement

ဧပြီ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေးနှင့် မကွေးတိုင်း ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအား Major Operationအဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့ကြောင်း CDF-KKG တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

CDF-KKG Major Operationကို ၂၀၂၄အတွင်း စုဖွဲ့လေ့ကျင့်မှုစတင်ခဲ့ပြီး ၂၀၂၅ ဖေဖော်ဝါရီတွင် စတင်ဖော်ဆောင်ခဲ့သည်။

ကလေးနှင့် ဂန့်ဂေါလမ်းပိုင်းကြားရှိ စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်သည့် ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီးစိုးမိုးသည့် ကြံသာကျေးရွာတို့ရှိ တပ်စခန်းများအား ၂ လတာအတွင်း အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။

“ကလေးနဲ့ ဂန့်ဂေါအကြားမှာတော့ ဟံသာဝတီနဲ့ မြောက်ခင်ရန်းအပါအဝင် ပျူကျေးရွာတချို့ ကျန်ရှိပါသေးတယ်။ ကျောက်ပြုတ်၊ အင်းကျွန်းအစရှိဖြင့်ပေါ့။ သူတို့ကတော့ မြစ်သာမြစ်ဘက် အခြမ်းပေါ့။ လမ်းမကြီးပေါ်မှာကတော့ ဟံသာဝတီနဲ့ မြောက်ခင်ရန်းပဲ ကျန်ပါတယ်”ဟု CDF KKG၏ တာဝန်ရှိသူက သိမ်းရန်ကျန်ရှိသည့် စစ်ကောင်စီနှင့် ပျူစောထီးစခန်းအခြေအနေများနှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ရှင်းပြသည်။

CDF-KKG Major Operationမှာလည်း ဆက်ရှိနေမည်ဟုလည်း ၎င်းက ပြောသည်။ CDF-KKG Major Operation တစ်ခုလုံးကို ချင်းအမျိုးသားတပ်မတော်(CNA)မှ စစ်ရေးကွပ်ကဲခဲ့ကြောင်းလည်း အသိပေးသည်။

ကလေးနှင့် ဂန့်ဂေါလမ်းပိုင်းကြားရှိ စစ်ကောင်စီအခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းအား ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ ဖေဖော်ဝါရီ ၁၅ မတိုင်မီတွင် ကလေးတောင်ပိုင်းရှိ မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်)ရှိ စစ်ကောင်စီ အခြေကုပ်စခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်းဖော်ပြသည်။

ကမ်းပါးနီစခန်းသိမ်းတိုက်ပွဲတွင် မဟာမိတ်တပ်များအနေဖြင့် CNA ၊ CDF-Hakha ၊ CDF-Thangtlang ၊ CDF CDM – Siyin ၊ ABSDF ၊ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစု ( CDF – Senthang ၊ နဂါးညီနောင် အစရှိသည် )တို့ ပူးပေါင်းပါဝင်ခဲ့ပြီး၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်)ရှိ စစ်ကောင်စီ အခြေစိုက်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှုတွင်PDF Vakok၊ RKDF တို့မှလည်း နယ်မြေ ရှင်းလင်းရေး၊ ထိန်းချုပ်ရေး၊ ခုခံကာကွယ်ရေးတို့တွင် ပူးပေါင်းပါဝင်ခဲ့သည်။

ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ တိုက်ပွဲများနှင့်တကွ စစ်ကောင်စီမှ ပြန်လည်ထိုးစစ်ဆင်မှု စုစုပေါင်း (၁၉) ကြိမ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများအား စစ်ကောင်စီက ဂျက်ဖိုက်တာအပြင် Y12၊ Y8 တို့ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ (၁,၀၀၀)ကျော် ပြုလုပ်ခဲ့ကြောင်းလည်း အသိပေးထားသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူပိုင်ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အဦးနှင့် ပြည်သူ့နေအိမ်ပေါင်း (၆၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကျေးရွာပေါင်း (၁၂)ရွာကျော်မှ ပြည်သူပေါင်း ( ၂၀ ,၀၀၀)ဝန်းကျင်တိမ်းရှောင်ခဲ့ကြရပြီး တချို့တဝက်ကျော်မှာ ယခုတိုင်တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ဒဏ်ရာရ ပြည်သူစုစုပေါင်း အယောက် ၄၀ကျော်ရှိခဲ့ကြောင်း CDF-KKGက ထုတ်ပြန်သည်။

၂၀၂၅ ဧပြီ ၁၁ ရက်နံနက်အစောပိုင်းတွင် ပျူစောထီးစိုးမိုးသည့် ကြံသာကျေးရွာကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်း မတိုင်မီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

ကြံသာရွာအား တိုက်ခိုက်သိမ်းပိုက်ခဲ့မှုအတွင်း မဟာမိတ် အင်အားများအနေဖြင့် CNA ၊ CDF- Thangtlang ၊ CDF CDM-Siyin ၊ ABSDF ၊ ဟံသာဝတီ ပကဖ ၊ MCR ၊ PDF Vakok ၊ ကလေးတောင်ပိုင်းတော်လှန်ရေး အင်အားစုအဖွဲ့များ ပါဝင်ခဲ့သည်။

ထို့အပြင် CDF-KKG Major Operation အတွင်း အသက်ပေးဆပ်သွားခဲ့ကြသည့် CDF-KKG နှင့် မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ အာဇာနည်ရဲဘော်များ ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသည့် ရဲဘော်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ရဲဘော်များကို ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG)အနေဖြင့် ကလေး-ဂန့်ဂေါလမ်းပိုင်းကြား ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာများအား မကြာမီ ဆက်လက်ပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

သတင်း

စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်သွာ၊ AKသေနတ် ၂လက်နှင့် ခဲယမ်းများသိမ်းရဟု PLAပြော

သတင်း

ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာအနီးစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၈လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

Facebook