ဧပြီ-၁၇၊၂၀၂၅။People’s Spring
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အရှေ့တောင် အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ မလေးရှား ဝန်ကြီးချုပ် အန်ဝါတို့ကို ဘန်ကောက်မြို့တော်မှာလုံခြုံရေးအများအပြားချပြီးတွေ့ဆုံခဲ့ပါတယ်။
သက်ဆင်ဟာ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ အာဆီယံရေးရာ အကြံပေးအဖြစ် ခန့်အပ် ခံထားရသူလည်း ဖြစ်ပါတယ်။ ဒီကနေ့(ဧပြီ ၁၇ ရက်နေ့) ညနေပိုင်းက ရို့စ်ဝုဒ် ဟိုတယ်မှာ သက်ဆင်က မင်းအောင်လှိုင်ရော၊ အန်ဝါကိုပါ ညစာစားပွဲအတွက် ဖိတ်ကြားပြီး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ညစာစားပွဲအတွက် ဟိုတယ်တဝိုက်မှာ လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားခဲ့ပါတယ်။
သက်ဆင်ဟာ နေ့လယ်ပိုင်းကတည်းကဟိုတယ်မှာ ကြိုစောင့်နေခဲ့ပြီး ထိုင်းစံတော်ချိန် နေ့လယ် ၃ နာရီ(မြန်မာအချိန် ၂ နာရီခွဲ) မထိုးခင်မှာ အန်ဝါနဲ့ မင်းအောင်လှိုင်တို့ လိုက်ပါလာတဲ့ ယာဉ်တန်းနှစ်ခုဟာ မိနစ်ပိုင်းခြားပြီး ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခဲ့ပါတယ်။

Public Service Announcement
သက်ဆင်၊ အန်ဝါနဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံမှုကို သက်ဆင်ရဲ့ သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်တော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
မင်းအောင်လှိုင်ရဲ့လိုက်ပါလာတဲ့ယာဉ်တန်း ရောက်လာအပြီး မကြာခင်မှာပဲ အာရှ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး ကောင်စီ (APRC)ရဲ့ ဥက္ကဋ္ဌ ဆူရာကီရတ် ဆာသီရတ်ထိုင်းဟာ ဟိုတယ်ကနေ ထွက်ခွာသွားတာကိုတွေ့ခဲ့ရတယ်လို့ The Nation ကဖော်ပြပါတယ်။
ဟိုတယ် အတွင်းရော အပြင်မှာပါ ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ် ရဲတွေကို လုံခြုံရေး ဖြန့်ကျက်ထား ထိုင်းရဲတပ်ဖွဲ့ ဆေးရုံရဲ့ အမှတ်တံဆိပ်ပါတဲ့ လူနာ
တင်ယာဉ် တစ်စီးကလည်း ဟိုတယ်နားမှာ အသင့်အနေအထား ရပ်တန့်ထားကြောင်း မျက်မြင်တွေက ပြောပါတယ်။ အစည်းအဝေး ကျင်းပနေချိန် အတောအတွင်း ဟိုတယ်ဝင်းထဲကို မီဒီယာတွေ ဝင်ရောက်ခွင့် ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။
အခုတွေ့ဆုံမှုရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရပေမယ့် မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ညှိနှိုင်းဖြေရှင်းဖို့ ဖြစ်နိုင်ခြေရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစောပိုင်းတုန်းက သက်ဆင်ဟာ မြန်မာနိုင်ငံမှာ အာဏာ
သိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အလားအလာတွေ ရှိနေဆဲလို့ ယုံကြည်ကြောင်း မှတ်ချက်ပေးထားခဲ့ဖူးပါတယ်။
People’s Spring က သီးခြားစုံစမ်းရရှိတဲ့အချက်အလက်တွေအရ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် လိုက်ပါလာတဲ့လေယာဉ်ဟာဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှာ ဆိုက်ကပ်တာဖြစ်ပါတယ်။
အာဂျင်တီးနားတရားရုံးရဲ့ဖမ်းဝရမ်းထုတ်ခံတာရတာမို့ အဖမ်းခံရမှာကိုကြောက်ရွံ့နေတဲ့ မင်းအောင်လှိုင်ဟာ ဘန်ကောက်မြို့မှာ ကြာကြာမနေဘဲ ဆွေးနွေးပွဲပြီးတာနဲ့ ချက်ချင်းပြန်ဖို့ များတယ်လို့ People’s Spring က စုံစမ်းသိရပါတယ်။
“ညစာစားပြီး ပြန်မယ့်သဘောရှိတယ်”လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
၂၀၁၇ ခုနှစ်ဟာရိုဟင်ဂျာပြည်သူတွေကိုလူမျိုးတုံးသတ်ဖြတ်မှုနဲ့ အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုးလ်ကိုဖမ်းဆီးပေးဖို့အကြောင်းကြားထားတဲ့အခြေအနေပါ။ဒါအပြင် ICC မှာလည်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ တရားလိုရှေ့နေက လျှောက်ထား ထားပါတယ်။
အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမယ့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကဧပြီ ၁၆ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ကန့်ကွက်ထားပါတယ်။မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်များ တွေ့ဆုံဖို့ရှိတဲ့ သတင်းနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ(WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)နဲ့ အမည်မဖော်လိုတဲ့ အင်အားစုတွေကပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ငလျင်ကိုအကြောင်းပြုပြီးလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို စစ်ကောင်စီကတဆင့်သာ ပေးအပ်မယ်ဆိုရင် နိုင်ငံရေးအရ အလွဲ အသုံးချမယ့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမှာဖြစ်တာကြောင့် စစ်အုပ်စုကတဆင့်သာ ပေးအပ်ခြင်းကို တော်လှန်ရေး အင်အားစုများအနေနဲ့ အပြင်းအထန်ကန့်ကွက်ကြောင်း သဘောထားဖော်ပြထားပါတယ်။
ကိုးကား- The Nation





























































