ဧပြီ ၂၅၊ ၂၀၂၅။ ခွာညို/People’s Spring
နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲခံရပြီး ရှေ့တန်းသို့ပို့ဆောင်ခံလိုက်ရသော လူငယ်တစ်ဦးသည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)ထံ အလင်းဝင်လာခဲ့သည်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း နေထိုင်သူ ကိုမင်းခန့်သည် ၂၀၂၄ ခုနှစ်၊ မေလတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အိမ်ပေါ်တက်ပြီးဖမ်းဆီးခံရခြင်းဖြစ်ပြီး ဘုရင့်နောင်စစ်ကြောရေး တစ်လနေခဲ့ရကာ ဖောင်ကြီး၌ စစ်သင်တန်းသုံးလတက်ပြီးနောက် စစ်ကိုင်းတိုင်း မော်လိုက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၃၆၅)သို့ ပို့ဆောင်ခံလိုက်ရသူဖြစ်သည်။
“အိမ်ပေါ်ထိကို တက်ပြီးဆွဲမယ်လို့ ဘယ်လိုမှကိုမထင်ထားခဲ့ဘူး” ဟု ကိုမင်းခန့်က ပြောသည်။

Public Service Announcement
၎င်းသည် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၄) စစ်သင်တန်းဆင်းခဲ့ပြီး ခမရ(၃၆၅)၌ တာဝန်ထမ်းဆောင်နေစဉ် တိုက်ပွဲများပြင်းထန်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့မှ စစ်ကောင်စီ၏ ပုဂံကွဲစခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။
ထိုစခန်းမှတဆင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ထွက်ပြေးလာခဲ့ပြီး အလင်းဝင်လာခြင်းဟု ကျောင်းသားလက်ရုံးတပ်တော်က သတင်းထုတ်ပြန်ထားသည်။
စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရပြီး စစ်သင်တန်းဆင်းကာ ရှေ့တန်းသို့ ပို့ဆောင်ခံရသော လူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများထံ လက်နက်ချပူးပေါင်းကြရန် အမျိုးသားညီညွတ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းထားသည်။
