Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စစ်ကြောင်း ဖားကန့်နှင့် ၁၀မိုင်ခန့်အကွာသို့ရောက်လာပြီးတိုက်ပွဲဆက်ဖြစ်

ဖားကန့်ကျောက်စိမ်းမှော် နှင့် ၁၀ မိုင်ခန့်အကွာ ပျားအုံရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ရှမ်းနီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို KIA၊KPDF ပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲများ ဆက်လက်ဖြစ်ပွား​နေသည်။

စစ်တပ်နှင့်ပြည်သူ့စစ်ပူး​ပေါင်း စစ်​ကြောင်းကို KIAနှင့် KPDF ပူး​ပေါင်းတပ်က လမ်းတ​လျှောက် အကြိမ်ကြိမ်တိုက်ခိုက်၍ ​သေဆုံးစစ်သားနှင့် ပြည်သူ့စစ် တို့၏ လက်​မောင်းတံဆိပ်အချို့ကိုတွေ့ရစဥ်။ ဓါတ်ပုံ-ကချင်​တောင်တန်း

​မေ-၂၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်ကျောက်စိမ်းမှော် နှင့် ၁၀ မိုင်ခန့်အကွာ ပျားအုံရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ရှမ်းနီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲများ ဆက်လက်ဖြစ်ပွား​နေသည်။

တိုက်ပွဲများဖြစ်ပွား​နေစဥ် ဖားကန့်မြို့ထဲတွင်တပ်စွဲထားသည့် စသ်တပ်ကလက်နက်ကြီးများပစ်ကူပေးနေသည်။ မေလ ၁၉ရက်ညက ဖားကန့်ဗျူဟာကုန်းမှနေ၍ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ခဲ့စဉ် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။

“စကစစစ်ကြောင်းက ပျားအုံရွာကို ရောက်လာပါပြီ။ ရှေ့ဆက်တိုးလာရင် အရင်က သူတို့တပ်စွဲခဲ့တဲ့ နမ့်တိန်းကိုရောက်မယ်။ ညကတော့ လက်နက်ကြီးပစ်ကူပေးတယ်။ မြေပြင်ကတော့ တိုက်ပွဲရှိနေပါတယ်” ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

​မေလ ၁၉ ရက်ည ၁၁နာရီခန့်မှစ၍ လက်နက်ကြီးပစ်ခြင်းဖြစ်ပြီး ဆယ်မိနစ်ခန့်ကြာ ပစ်ခတ်သံများ အလွန်ကျယ်လောင်ခဲ့ကြောင်း ဖားကန့်မြို့ခံများကပြောသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့အခြေစိုက် အမှတ်(၃)ခြေလျင်တပ်မဟာ( စကခ-၃)လက်
အောက်ခံ တပ်ရင်းများနှင့် ပြည်သူ့စစ်နှစ်ဖွဲ့က ဖားကန့်အခြေစိုက်တပ်မ(၃၃)နှင့် လဲလှယ်ရန် စစ်ကြောင်းထိုးနေခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီတပ်သည် မိုးကောင်း-ကာမိုင်း-နမ့်ယား- လုံးခင်း-ဖားကန့်လမ်းနှင့် မြစ်ကြီးနား-နမ္မတီး-လက်ဝါး-တနိုင်း- ဖားကန့်လမ်းတို့မှတဆင့် အင်အားအများအပြားဖြင့် ဧပြီလ၂၃ရက်နေ့မှစကာ စစ်ကြောင်းထိုးလာပြီးတစ်လခန့်အကြာတွင် ဖားကန့် နှင့် ၁၀မိုင်ခန့်အကွာသို့ ရောက်ရှိနေလာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဖားကန့်-ကာမိုင်းလမ်းကြောအတိုင်းဆိုပါက မအူပင်-ကျောက်ထု-အွမ်ကထောင်-ခင်တောင်- နန့်ယား-ကပ်မှော်ဇွပ်- ဆိုင်းဖရာ- ခွန်ဆိုင်ဇွပ် -ဂေါ်ရီယန်-တံတားညီနောင်- ရုံးတောင်-ပျားအုံ -ကျောက်ထု-နန့်တိန်း -၇မိုင် -၆မိုင် -၅မိုင်-ကျောက်ဖျာ-လယ်ပြင်-လုံးခင်း နှင့် ဖားကန့်ဖြစ်သည်။

“စစ်ကောင်စီက တပ်မ တစ်မ စာတက်လာခဲ့တာပါ၊ဒေသကို ကျွမ်းကျင်တဲ့ ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့ကကူညီနေတယ်။ ဒီကျောက်စိမ်းမြေကို ပြန်ပြီး ခြေကုတ်ယူဖို့ကြိုးစားလာမှာမို့ ဖားကန့်နယ်ထဲ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်တပ်စစ်​ကြောင်းမှာ ​တော်လှန်​ရေးအဖွဲ့များ၏တိုက်ခိုက်မှု​ကြောင့် ဖားကန့်မြို့သို့​ရောက်မည်မဟုတ်​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။ မိုးရွာလာပြီး မုတ်သုံဝင်လာပြီဖြစ်၍​ရှေ့တွင်တိုက်ပွဲများပိုပြင်းထန်လာနိုင်သည်ဟု​ဒေသခံအချို့က​ပြောသည်။

ဖားကန့်​ဒေသကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းမရှိသော်လည်း ဖားကန့်ဗျူဟာကုန်း၊မဇွပ်ယာန်အချုပ်ထောင်လုံးခင်းဗျူဟာကုန်း၊ လုံးခင်းရဲစခန်း၊ ကံဆီးဗျူဟာကုန်းနှင့်ဖားကန့်မြို့မရဲစခန်း၌ တပ်စွဲထားပြီးလက်နက်ကြီးများတပ်ဆင်ထားသည်။

ဖားကန့် မြို့နယ်သည် ယခင်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်KPDFများ လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး ပြီးခဲ့သည့်၂၀၂၄ ခုနှစ်စက်တင်ဘာလတွင် ဆိုင်းတောင်ရွာကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်‌ကောင်စီစစ်ကြောင်း၌ ပြည်သူ့စစ် နှင့် ရှမ်းနီ(SNA)ဖွဲ့ဝင်အများအပြားပါဝင်လာပြီး လက်ရှိစစ်ရေးအခြေအနေကြောင့် လေကြောင်းနှင့်လက်နက်ကြီးအန္တရာယ်သတိထားရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ (၃၈)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ်က ဒီကနေ့ (သြဂုတ် ၈) မနက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။