မေ၂၅၊၂၀၁၅။ရဲခေါင်/People’s Spring
ကမ္ဘာ့ရွှေစျေးတက်လာပြီးနောက် ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၇သိန်းဝန်းကျင်ရှိလာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ သိရသည်။
မေလ ၂၄ရက် ညပိုင်းတွင် ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ၃,၃၅၇ ဒေါ်လာဖြင့် ယခုရက် သတ္တပတ် ရွှေစျေးကွက်ပိတ်ခဲ့ခြင်းဖြစ်သည်။
ပြင်ပရွှေစျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇,၆၉၀,၀၀၀ ကျပ်ရှိကာ ၁၅ပဲရည် စျေးသည် ကျပ် ၇၂ သိန်းဝန်းကျင်ရှိသည်ဟု ဆိုသည်။

Public Service Announcement
“ပြီးခဲ့တဲ့အပတ်ကဆို ဒေါ်လာ ၃,၂၀၀ ကျော်ကနေ အခုတစ်ပတ် တစ်အောင်စ ဒေါ်လာတစ်ရာနီးပါးတက်တယ်ပြောရမယ်။စျေးအတက်အကျမငြိမ်ဘူး။စျေးတန်းတစ်ခုထားပြီး အရောင်းအဝယ်ကတော့ လုပ်နေကြတာပဲ။အရင်တခါ ဧပြီလလောက်ကလို တစ်အောင်စ ၃,၄၀၀ ကျော်ရင် ပြည်တွင်းရွှေက သိန်း ၈၀ လောက်ဖြစ်လာနိုင်တယ်”ဟု ပြင်ပရွှေစျေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
မေလ ၁၈ရက်က ကမ္ဘာ့ရွှေအဖွင့်စျေးသည် တစ်အောင်စ ၃,၂၂၇ ဒေါ်လာဖြစ်ပြီး ပြည်တွင်း ၁၆ ပဲရည်တစ်ကျပ်သားသည် ကျပ် ၇၅သိန်းဝန်းကျင်ရှိခဲ့ကြောင်း အသိပေးသည်။
“လက်ရှိက အတက်လားရာမှာပဲရှိပါသေးတယ်။တစ်အောင်စ ၃,၃၃၅ နဲ့ ၃,၃၄၅ ဒေါ်လာတန်းတစ်ခု ရောက်မယ်ဆိုရင် အဝယ်ထပ်ဝင်နိုင် တယ်။လက်ရှိ ၃,၃၅၇ ဇုန်ကို အခုလာမယ့် အပတ် ရွှေစျေးကွက်အရ ထပ်ဖောက်ထွက်ရင် တစ်အောင်စ ၃,၄၀၀ ဒေါ်လာကျော်လာနိုင်တယ်”ဟု ကမ္ဘာ့ရွှေစျေးကွက် စောင့်ကြည်သူတစ်ဦးက သုံးသပ်သည်။
ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တစ်ကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စရှိကာ ယနေ့ကမ္ဘာ့ရွှေပေါက်စျေး× တစ်ဒေါ်လာငွေလဲနှုန်း× ၀ ဒသမ ၅၂၅ ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံး ပြည်တွင်းအခေါက်ရွှေစျေးရရှိမည် ဖြစ်သည်။
မတ်လ ဒုတိယပတ်ကစ၍ ရွှေဈေးသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တစ်အောင် စ ဒေါ်လာ ၃,၀၀၀ကျော်သို့ ရောက်ရှိခဲ့မှုနှင့်အတူ ပြည်တွင်း ရွှေစျေးကွက်မှာလည်း ကျပ်၆၅ သိန်း ဝန်းကျင်မှ လိုက်ပါမြင့်တက်ခဲ့သည်။
စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ ၁၆ ပဲရည်တစ်ကျပ်သား စျေးသည် ၅,၇၆၀ ,၀၀၀ ကျပ်ဟု မေလ ၂၄ ရက်က သတ်မှတ်ထားသည်။
ထိုစျေးဖြင့် ရွှေဆိုင်များကို ရောင်းဝယ်ရန် သတ်မှတ်ထားသော်လည်း ရွှေဆိုင်များက အရောင်းအဝယ်မပြုလုပ်ကြပေ။
ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်းစျေးကွက်တွင် စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ၄,၃၇၀ကျပ်နှင့် အရောင်း ၄,၄၂၀ ကျပ် ဝန်းကျင်ရှိသည်။
