Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းဒေသတွင် ဒုတိယမြောက်နေ့ စစ်ရေးဆက်တင်းမာနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသတွင် ဒုတိယမြောက်နေ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံများ စစ်ရှောင်ရန်ကြိုးပမ်းနေသလို နေအိမ်များအတွင်းပိတ်မိနေ၍ စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသည်ဟု သတင်းရရှိသည်။

(မေလ ၂၈ရက်က တိုက်ပွဲအတွင်း ပျက်စီးခဲ့သော လုံးခင်းဒေသ လယ်ပြင်တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ − Naw Tu Awng/Fb

မေ ၂၉၊၂၀၂၅။ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသတွင် ဒုတိယမြောက်နေ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံများ စစ်ရှောင်ရန်ကြိုးပမ်းနေသလို နေအိမ်များအတွင်းပိတ်မိနေ၍ စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသည်ဟု သတင်းရရှိသည်။

ဧပြီ ၂၃ရက်ကစပြီး ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ‌မေလ ၂၇ရက်တွင် လုံးခင်းကျေးရွာ ယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ရက်ကစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ကာမိုင်းဒေသမှ ထွက်လာစဥ်က အင်အား ၆၀၀ခန့်ရှိသော်လည်း လမ်းတလျှာက် KIAပူးပေါင်းတပ်၏ တိုက်ခိုက်ခံရပြီးနောက် အင်အား ၁၀၀ခန့်ဖြင့်သာ လုံးခင်းရွာသို့ ရောက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” လုံးခင်း အရှေ့ဘက်ပိုင်းကို မဝင်ဘဲ ဖားကန့်ကိုသွားတဲ့ အနောက်ဘက်ပိုင်းကို တပ်စွဲထားတယ်။ အရှေ့ဘက်က လူတွေက ဘေးကင်းမယ်ထင်တဲ့နေရာတွေကိုထွက်နေကြပြီ။ ထွက်လို့မရတဲ့အနောက်ပိုင်းမှာ စားဖို့သောက်ဖို့အခက်အခဲရှိနေပြီ”ဟု လုံးခင်းဒေသခံတစ်ဦးက ယ‌နေ့(မေလ ၂၉ရက်) အခြေအနေကို ပြောသည်။

စစ်ကောင်စီတပ်သားများသည် လုံးခင်း၏အဓိက လမ်းဘေးနေရာများတွင် ကင်းပုန်းဝပ်နေ၍ ဒေသခံများအနေဖြင့် အပြင်မထွက်ရန်နှင့် မဖြစ်မနေထွက်မည်ဆိုပါက စစ်ကောင်စီတပ်သားများမရှိသည့်နေရာမှ ထွက်ခွာရန် ဒေသခံများအချင်းချင်း လူမှုကွန်ရက်မှတစ်ဆင့် သတိပေးနေကြသည်။

” ဖားကန့်ကျောက်စိမ်းမှော်တွေဘက် ထွက်နိုင်တယ်။ အဓိကက မှော်တွေကို ပြန်ထိန်းချင်တာ။ မှော်တွေထိမရောက်ခင် ဒေသခံပြည်သူတွေအတွက် တော်တော် အန္တရာယ်ကြီးတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

စစ်ရေးအခြေအနေမှာ ယ‌နေ့(မေ ၂၉ရက်) နံနက် ၆နာရီခန့်မှစ၍ ဖားကန့်မြို့ရှိ ကျောက်စိမ်းလုပ်ကွက်များဘက်သို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကာ နံနက် ၇နာရီခန့်တွင် စက်သေနတ်ပစ်ခတ်သံကြားရကြောင်း ဒေသခံများက ပြောသည်။

​မေလ ၂၈ ရက်နေ့က လုံးခင်းရွာ ယန်းချက်စက်ရုံမှ စစ်ကောင်စီတပ်စစ်ကြောင်းထွက်ခွာလာစဉ် နံနက်၈နာရီ ကျော်ကစ၍ KIAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ လုံးခင်း‌အပြင် ယင်းပတ်
ဝန်းကျင်ရှိ ငြိမ်းချမ်းသာယာ၊ လယ်ပြင်ကျေးရွာတွင်လည်း ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ပွဲရုတ်တရက်ဖြစ်ပွားသည့်အခြေအနေကြောင့် စစ်ရှောင်နိုင်ခြင်းမရှိသည့် ဒေသခံများအား စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ လုံးခင်းလမ်းဆုံတွင် ကားမောင်းလာသည့်အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်ပြီး နောက်ဆက်တွဲအခြေနေကို မသိရသေးပေ။ ဒေသခံအချို့ကိုဖမ်းဆီး၍ လူသားဒိုင်းအဖြစ်သုံးခဲ့သည့် ရုပ်သံမှတ်တမ်းများလည်းထွက်ပေါ်ခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအနေဖြင့်ဖမ်းဆီးခံရမည့်အခြေအနေမဖြစ်စေရန် ဒေသခံများ နေအိမ်အတွင်းနေကြရန်နှင့် အချင်းချင်း စည်းလုံးစွာနေရန် KIA၊PDF နှင့် နီးစပ်သူက သတိပေးသည်။

လုံးခင်းနှင့်ဖားကန့်ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့အချိန်မီရှောင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်PDFက မေလ ၂၇ရက်ညကပင် ဒေသခံများအား အော်လံများဖြင့် လိုက်လံသတိပေးခဲ့သည်။

လုံးခင်းရွာသို့ ဝင်လာသည့် စစ်ကောင်စီတပ်စစ်‌ကြောင်းတွင် ရှမ်းနီ(SNA)နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များပါဝင်လာပြီး ဖားကန့်မြို့အထိ ရောက်အောင် စစ်ကြောင်းဝင်နိုင်ပါက ကျောက်စိမ်းလုပ်ကွက်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေးထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လုံးခင်းရွာသည် ဖားကန့်နှင့် သုံးမိုင်ခန့်သာဝေးသည်။ လုံးခင်း-မှော်စီစာ-နမ္မဖြစ်-ဖားကန့်လမ်း၊ မှော်စီစာ – ဆောင်းချိန်-အမှိုက်ပုံ-ဖားကန့်လမ်း၊ လုံးခင်း-ငြိမ်းချမ်းသာယာ-မလန်း-နမ္မဖြစ်-ဖားကန့်လမ်းတို့ရှိသည်။ စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းအထိ လုံးခင်းရွာ၌ပင်ရှိသေးပြီး ဖားကန့်မြို့သ်ို့ မည်သည့်လမ်းမှသွားမည်ကို မသိရသေးပေ။

” စစ်ကောင်စီက ပြည်သူ့စစ်တွေကို ရှေ့ကနေတိုးခိုင်းနေတာ။ ပြည်သူ့စစ်တွေက တော်တော်ကို လက်ရဲဇက်ရဲလုပ်နေတာတွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေကြောင်း ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ – Kachin Human Rights Watch (KHRW)ကထုတ်ပြန်ထားသည်။

ဖားကန့်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းမရှိသော်လည်း ဖားကန့်ဗျူဟာကုန်း၊မဇွပ်ယာန်အချုပ်ထောင်၊ လုံးခင်းဗျူဟာကုန်း၊ လုံးခင်းရဲစခန်း၊ ယမ်းချက်စခန်း၊ ကံဆီးဗျူဟာကုန်းနှင့်ဖားကန့်မြို့မရဲစခန်းတို့၌ တပ်စွဲထားပြီး လက်နက်ကြီးများ တပ်ဆင်ထားသည်။ တိုက်ပွဲဖြစ်ရာနေရာများသို့ ထိုနေရာများမှနေ၍ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ