Connect with us

Hi, what are you looking for?

သတင်း

နောင်ချို၊ကံကြီးရွာ​ရောက်စစ်​ကောင်စီတပ်ကို TNLA နှင့်ပူး​ပေါင်းတပ်တိုက်ခိုက်မှု​ကြောင့်​နောက်ပြန်ဆုတ်သွားဟု​ဒေသခံများ​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

TNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA

ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

ကံကြီးရွာကနေ (၃)မိုင်နီးပါးဝေးတဲ့ ရွှေမုဋ္ဌောကျေးရွာကို တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ ကံကြီးရွာနဲ့ ရွှေမုဋ္ဌောကျေးရွာတွေဟာ နောင်ချိုကနေ တောင်းခမ်းရွာသွားတဲ့ လမ်းပိုင်းပေါ်မှာ ရှိနေတာပါ။

“မနေ့ညပိုင်းကဆုတ်သွားတာလို့ TNLAဘက်ကကြားရတယ်။ ဒီဘက်က ပြန်တွယ်တာလို့ပဲ သိရတယ်”လို့ နောင်ချိုဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကံကြီးရွာနှင့် ​နောင်ချို ၊​တောင်းခမ်းတို့ကို Google Earth တွင်​တွေ့ရပုံ

အခြားနောင်ချိုဒေသခံတစ်ဦးကလည်း”ကျောက်မဲဘက်ကို စစ်ရှောင်သွားတဲ့ အစ်မပို့လာတာက ကံကြီးကနေ ဆုတ်သွားပြီတဲ့”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၇ရက်မှာဘဲ ကံကြီးရွာကို သိမ်းပိုက်ခဲ့ပြီး ညပိုင်းမှာ တပ်ပြန်ဆုတ်သွားရတဲ့ အခြေအနေဖြစ်ပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်လို့ TNLAဆီ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာရယ်၊ စစ်တပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် နောင်ချိုမြို့ခံတွေဟာ ဇွန်လဆန်းစပြီး နီးစပ်ရာမြို့ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဇွန်လ ၆ရက် ညမှာ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ နောင်ချိုမြို့ ပေါ်ကို လှမ်းပစ်ရာ ၁၀လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ ရက်မှာလည်း စျေးရပ်ကွက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂လုံးနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင်ဇွန်လ ၇ရက်ညပိုင်းမှာလည်း နောင်ချိုမြို့ပေါ်ကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သေးတယ်လို့ နောင်ချိုမြို့ခံက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အခု ၁၀၂၇ အပိုင်း(၂) စတင်ခဲ့တဲ့ နှစ်ပတ်လည် လပိုင်းမှာဘဲ နောင်ချိုမြို့နားကကံကြီးရွာအထိ စစ်ကောင်စီတပ်တွေ ရောက်လာခဲ့တာပါ။

နောင်ချိုမြို့ကို TNLAနဲ့ ပူးပေါင်းတပ်တွေက စစ်ဆင်ရေးစတင်တဲ့နေ့မှာဘဲ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပေမယ့် မြို့ရဲ့ တောင်ဘက်က အမြောက်တပ်ရင်းတွေရှိနေတဲ့ တောင်းခမ်းရွာကို တစ်နှစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)နဲ့ အမတ(၄၀၆)တပ်ရင်းတို့ ရှိပါတယ်။

တောင်းခမ်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာ တစ်နှစ်နီးပါးကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်မှုတွေများခဲ့ပါတယ်။

စစ်ကောင်စီတပ်က ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အင်အားအလုံးအရင်းတိုး၊ တပ်တွေချိန်းပြီး ထိုးဆင်မှုတွေ စတင်လုပ်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ တောင်းခမ်းရွာနားက မဲပုတ်ရွာကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်း နောင်လင်ရွာကို ထပ်မံသိမ်းပိုက်ပြီးနောက် နောင်ချိုမြို့နားက ကံကြီးရွာအထိ ရောက်လာပါတယ်။

စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်း​ကြောင်းနှစ်​ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း – ရပ်စောက်လမ်းပိုင်းကနေစစ်ကြောင်းထိုး အင်အားပို့နေသလို ၊ နောင်ချို – ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာပါ။

တောင်းခမ်းက စစ်ကြောင်းဟာ နောင်ချိုမြို့အနီးကို ရောက်လာခဲ့ပေမယ့် ပြင်ဦးလွင်လမ်းပိုင်းက စစ်ကြောင်းကတော့ အရင်အတိုင်းပဲ ရှိနေပြီး သိသိသာသာ ရှေ့တိုးမလာနိုင်သေးပါဘူး။

ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာနားမှာဘဲ ရှိနေပါသေးတယ်။ အဲဒီကျေးရွာတွေအနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက​တော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်‌ကြောင်းထိုးဝင်​ရောက်ဖို့ကြိုးစား​နေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။