ဇွန်-၂၁၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring
စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသူ နှစ်ဦးက ကပစထုတ် ကျည် ၈၀၀နီးပါး၊ သေနတ်၂လက်နှင့် ခဲယမ်းအချို့ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံသို့ အလင်းဝင်လာသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့အခြေစိုက် ခလရ(၁၇)မှ တပ်ကြပ်ကြီးစာရေး တစ်ဦးနှင့် ဒု-တပ်ကြပ်တစ်ဦးတို့သည် ယနေ့ အလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးက MA-1 ရိုင်ဖယ် (၁)လက်၊ MA-2 စက်ကလေး (၁)လက်၊ လက်ပစ်ဗုံး (၂)လုံး၊ M-14 နင်းမိုင်း (၁) ခု၊ ကျည်ဘောက် (၁၅)ခု၊ ကပစထုတ် ၅.၅၆ ကျည် (၇၉ဝ) တောင့် ယူဆောင်လာခဲ့ကြသည်ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။
၎င်းတို့သည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း အခြေခံစစ်သင်တန်း အပတ်စဉ် (၂) အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံခဲ့ရပြီး ခလရ (၁၇)၌ တာဝန်ချထားခံရခြင်းဟု ဆိုသည်။

Public Service Announcement
” ဒါမျိုးကို ကြိုဆိုနေတာ။ အသိတရားရပြီး အလင်းဝင်လာကြစမ်းပါ”ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အလင်းဝင်လာသူနှစ်ဦးအား စောင့်ရှောက်ထားရှိပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်နေကာ စစ်အောက်စီလက်အောက်မှ ရုန်းထွက်လာမည့် မည်သူကိုမဆို အမြဲလက်ကမ်း ကြိုဆိုလျက်ရှိသည်ဟုမြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်အတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိတာဝန်ထမ်းဆောင်နေရသူများအနေဖြင့် သတ္တိမွေး၍ ရုန်းထွက်ခဲ့ကြရန် တိုက်ထွန်းထားသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အတည်ပြုခဲ့ပြီး လူငယ်များကို အတင်းအကြပ်ဖမ်းဆီးခဲ့သည်။ ယခုအခါ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄အထိ ရှိလာပြီဖြစ်သည်။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်သင်တန်းဆင်းများကို အများဆုံးအသုံးပြုနေသည်။ စစ်သင်တန်းဆင်းများသည် တိုက်ပွဲအတွင်း သေဆုံးမှုများနေပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ဖမ်းဆီးခြင်း ခံနေရသည်။
ထို့အပြင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ လူငယ်များအား ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေသည်။ ဇွန်လ ၇ရက်ညက တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်အပိုင် ခပေါင်းရွာမှ အသက် ၂၀လူငယ်တစ်ဦးကို ညဘက် နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲစဉ် လေးဂွဖြင့် အပစ်ခံရပြီးနောက် စစ်ကောင်စီက အဆိုပါလူငယ်ကို သေနတ်ဖြင့်ပစ်သတ်သွားခဲ့သည်။
စစ်သားစုဆောင်းခံရသူလူငယ်များအနေဖြင့် စစ်သင်တန်းတက်နေစဉ် ကာလတွင်ဖြစ်စေ၊သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများထံ ဘက်ပြောင်းခိုလှုံကြရန်နှင့် ပြည်သူ့ရင်ခွင်ကဲ့သို့ အဖွဲ့အစည်းများထံချိတ်ဆက်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။
