Connect with us

Hi, what are you looking for?

ကဗျာ

“မိုခါ”

▪️DLY

ရေပတ်လည် ဝန်းရံနေသော ကုန်းမြေကို
ကျွန်းလို့ခေါ်ရင် ..
မုန်တိုင်းပတ်လည် ခြံရံထားတဲ့ ငါတို့ကို
ဘယ်လိုခေါ်ကြမလဲ ??

တနာရီ လေတိုက်နှုန်း တရာကျော်တဲ့ မင်းနဲ့
တနာရီ အိမ်ခြေ ၇၀ ပြာကျသွားတဲ့
ငါတို့မုန်တိုင်း .. ဘယ်သူ ပိုလူမဆန်ဘူးလဲ

အမှောင်ထဲမှာ နေသားကျလာတော့
မင်း ယူလာတဲ့ တိမ်မည်းတွေကိုလည်း
မော့ကြည့်ပြီး ခပ်ထေ့ထေ့ပြုံးလိုက်ရုံ၊
အပူမီးတွေလောင်နေတော့
မင်း သယ်လာတဲ့ လေတိုက်နှုန်းတွေကိုလည်း
ပျော်ပါးလိုက်ရုံ..

Public Service Announcement

Public Service Announcement

လာဝေနေကျ
ခေါက်ဆွဲခြောက်ထုပ်နဲ့ ကြက်ဥတွေကို
ငါတို့ ခေတ်အဆက်ဆက်
(ဆွေစဉ်မျိုးဆက်)…
မုန်တိုင်းမရှိလည်း ..
အလုအယက် ဖြစ်ခဲ့ရတဲ့ အကြောင်း
မင်း … သိပါ့မလား

ည ၈ နာရီ ..
ပြည်သူမပိုင်တဲ့ နိုင်ငံပိုင် ရုပ်သံသတင်းက
မုန်တိုင်းသတိပေးချက်လာတယ်
ပြည်သူမပိုင်တဲ့ စည်ပင်ဝပြောမှုတွေအကြောင်း
နေရာကွက်ကြား ရွှေပြည်အေးတရားတွေအကြောင်း
လူအခွင့်အရေးအားနည်း ရပ်ဝန်းတွေအကြောင်း
လိမ္မော်ရောင်အဆင့်မှာ အထိုင်ကျပြီးသား
ငါတို့အတွက်..
အနီရောင်အဆင့်ကို
ရေမရောဘဲ မော့ချလိုက်ရုံ ..

မိုးရွာစေချင်လို့
မုန်တိုင်းကိုမျှော်ကြရတယ်..
ဒီလောက် ပို့စ်မော်ဒန်ဆန်တာရှိဦးမလား ..
စစ်ကိုရှောင်ရမလား၊
မုန်တိုင်းကိုပဲ ရှောင်မလားမေးလာရင်
သေချာတယ်၊
နှစ်ခုစလုံးကို ငြင်းပယ်ခွင့်မရခဲ့ဘူး။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​DLY’
ရေးဖွဲ့တဲ့ “မိုခါ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...