ဇူလိုင်-၇၊၂၀၂၅။ရဲခေါင်/People’s Spring
မိုးဗြဲမြို့ရှိ လူနေအိမ် များကို စစ်ကောင်စီတပ်စစ်ကြောင်းကနေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
မိုးဗြဲမြို့တွင်းသို့ အင်အားအဆမတန်အသုံးပြု၍ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သော စစ်တပ်စစ်ကြောင်းများကဇူလိုင် လ ၃ ရက်နေ့ကစ၍ မြို့တွင်းရပ်ကွက်များအတွင်းရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဟု KNDF ကထုတ်ပြန်ထားသည်။
“စစ်ကောင်စီဟာ ပြည်သူတွေရဲ့ စည်စိမ်ဥစ္စာကို ပျက်စီးရာပျက်စီးကြောင်းလုပ်နေတာလို့ပြောရမယ်။မြို့ကိုထိန်းသိမ်းစောင့်ရှောက်ဖို့ထက် ပြည်သူ့ အသက်အိုးအိမ်ကို ဖျက်ဆီးဖို့ လိုလားတာကို တွေ့ရတယ်”ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်းရှိ ရပ်ကွက်များအတွင်းသို့ အင်အားအများအပြားဖြင့် ဖြန့်ခွဲ၍ လူ မိုက်ဆန်ဆန် ဖျက်ဆီးဝင်ရောက်ကာ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်ဇူလိုင်လ ၆ ရက်ညနေပိုင်းထိ လူနေအိမ် ၂၀ ကျော် မီးလောင်းပျက်စီးဆုံးရှုံးခဲ့ကြောင်းKNDF ကအသိပေးသည်။
မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက် စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများနေ့စဥ် ဖြစ်ပွားနေကြောင်း သိရသည်။
“မိုးဗြဲမြို့အနီးဝန်းကျင် အထူးသဖြင့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကောင်စီဟာ မိုးဗြဲကနေ လွိုင်ကော်ကို စစ်ကြောင်း တိုးနိုင်ဖို့ ဆက်ပြီးတော့မှ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်”ဟုကရင်နီတပ်ပေါင်းစုတာဝန်ရှိသူကပြောသည်။
ထို့အပြင်မိုးဗြဲမြို့အနီးဝန်းကျင်ရှိ လူနေကျေးရွာများသို့လည်း လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် စစ်ရေးအသိနှင့် လုံခြုံရေးသတိရှိစွာ နေထိုင်သွားလာရန် ပြည်သူများကို KNDF က တိုက်တွန်းထားသည်။
ရှမ်းပြည်တောင်ပိုင်းမှ ကရင်နီပြည်နယ်သို့ဝင် ပေါက်ဖြစ်ရာ မိုးဗြဲမြို့ကို စစ်ကောင်စီက ခြောက်လ ကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးကို ဇူလိုင်လဆန်းရက်က ပြန်လည်ထိန်းချုပ်ခဲ့သည်။
လူဦးရေ နှစ်သောင်းကျော်နေထိုင် ခဲ့သည့် မိုးဗြဲ မြို့သည် စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနှင့် ရောက်နိုင်သည့် ပင်လောင်း-ဖယ်ခုံ -မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းပေါ်၌ ရှိသည်။
စစ်ကောင်စီကလည်း ဇူလိုင် ၆ ရက်တွင် မြို့အရှေ့ဘက်အစွန်ဆုံး ညောင်ဝိုင်းရပ်ကွက်အထိအပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၇ ရက်ထုတ် စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။၂၀၂၅ နှစ်ဆန်းမှစ၍ တိုက်ပွဲကြီးငယ် ၆၀၀ ကျော်ဖြစ်ပွားပြီး ရန်သူ့အလောင်း ၂၄ လောင်း ၊လက်နက်မျိုးစုံ ၆၃ လက်နှင့်အတူ သိမ်းဆည်းရရှိခဲ့ကြောင်းဆိုသည်။တော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်လုပ်ရပ်များလုပ်ခဲ့သည်ဟုစွပ်စွဲထားသလို ၊ကရင်နီစစ်မြေပြင်တွင် စစ်ရှောင်နှင့်တော်လှန်ရေးရဲဘော်များကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် Free Burma Ranger အဖွဲ့ကိုပါ စွပ်စွဲရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
ထိုအပြင် မိုးဗြဲတန်ပြန်ထိုးစစ်တွင် တိုက်ပွဲများအတွင်း ဒဏ်ရာရသေဆုံးသော စစ်သားအနည်းငယ်သာရှိသည်ဟုစစ်ကောင်စီကဝါဒဖြန့်ထားသည်။မိုးဗြဲ နှင့် လွိုင်ကော်လမ်းကိုပြန်ဖွင့်နိုင်ရန်ဆောင်ရွက်နေသည်ဟုလည်းဆိုသည်။
၂၀၂၄ နှစ် ဒီဇင်ဘာလကစသည့် စစ်တပ်၏ မိုးဗြဲတန်ပြန်ထိုးစစ်တွင် စစ်သားနှင့် PNO ပြည်သူ့စစ် ၇၀၀ ကျော်အသုံးပြုခဲ့ပြီး ရာနှင့်ချီ၍ သေဆုံးကာ ၊ကရင်နီတော်လှန်ရေးတပ်များက ရဲဘော် ၄၀ ခန့်ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကပြောသည်။


















































