Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ဖျားနာပြီး ဝမ်းပျက်သူတွေများနေ၊ ဆေးဝါးကုသခွင့်ရဖို့ နိုင်ကျဉ်းတွေ တောင်းဆို

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ဖျားနာပြီး ဝမ်းလျောသူတွေ အလွန်များပြားနေပြီး ဆေးကုသခွင့်မရသလို ဆေးပေးခန်း‌မှာလည်း ဆေးမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

ဇူလိုင်-၉၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ဖျားနာပြီး ဝမ်းလျောသူတွေ အလွန်များပြားနေပြီး ဆေးကုသခွင့်မရသလို ဆေးပေးခန်း‌မှာလည်း ဆေးမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

အိုးဘိုအကျဉ်းထောင်က အမျိုးသမီးယာယီဆောင် ပတ်ဝန်းကျင်မှာ အမှိုက်တွေ စုပုံနေကာ မိုးရွာပြီး အနံ့အသက်မကောင်းတာ ‌‌‌‌‌‌တွေနဲ့ ခြင်တွေ ပေါများနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသမီးအဆောင် ၄မှာ လူဦးရေ ၆၀၀ကျော် နေထိုင်ရတာဖြစ်ပြီး ရေတခါချိုးလျှင် လူ ၆၀၀ကို တစ်နာရီခွဲခန့် ရေချိုးခွင့်ပေးကာ ရေကို အနည်းငယ်သာ လွှတ်ပေးတာမို့ ယားနာပေါက်သူတွေလည်း ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အပြင် ရေကန် ၁၅×၁၂ပေ ရေကန်မှာ လူ ၁၂၀ ရေချိုးရတယ်။ ကြပ်ခဲပြီး ခြေထောက်တဖက်ပဲ ဝင်တိုးချိုးရတယ်။ မတိုးနိုင်တဲ့သူ မချိုးရဘူး။ အခန်း၄ခန်းကို တပြိုင်ထဲရေချိုးရတာ။အဝတ်လျှော်ရတာလည်း အဆင်မပြေဘူး။ ပွေး၊ဝဲယားနာပေါက်သူတအားများလာတယ်”လို့ နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ပြောကြားချက်ကို မိသားစုဝင်က ပြန်ပြောပြပါတယ်။

ဒါ့အပြင် ဆေးပေးခန်းမှာလည်း ဆေးဝါးလုံးဝမပေးဘဲ အားလုံးကို အပြင်ကနေသာ မှာခိုင်းတယ်လို့ သိရပါတယ်။

အကျဉ်းထောင်အတွင်း ဆေးဝါးကုသခွင့်ပေးဖို့၊ ဆေးပစ္စည်းလုံလောက်အောင်ထားပေးဖို့၊ အကျဉ်းသားအခွင့်အရေးရရှိဖို့၊ အပြင်မှာရှိနေသူတွေက တောင်းဆိုပေးကြဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသူက တောင်းဆိုထားပါတယ်။

အကျဉ်းသားတွေရဲ့ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသမှုနဲ့ ဆေးဝါးလုံလောက်စွာထားရှိဖို့၊ ကျန်းမာရေးအရ စိုးရိမ်ရသူတွေကို ပြင်ပဆေးရုံသို့အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ PPNMအနေနဲ့ တောင်းဆိုနေပေမဲ့ အကျဉ်းဦးစီးဌာနက လုပ်ဆောင်မှု မရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ နှစ်စဉ်ပျမ်းမျှ(၂၅)ဦးဝန်းကျင် အသက်ဆုံးရှုံးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။

မန္တလေးအိုးဘိုထောင်မှာ ၂၀၂၄ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံရေးအကျဉ်းသား ကိုစိန်လင်း(ခ)အငယ်လေးတို့ (၃)ဦးဆက်တိုက် ကွယ်လွန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကလည်း မန္တလေး အိုးဘိုထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကွယ်လွန်ခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး အိုးဘိုထောင်တခုတည်းမှာတင် မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးအိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသား (၅၀)ဦးကျော် သေဆုံးခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။