ဇူလိုင်-၁၁၊ ၂၀၂၅။ ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဇူလိုင် ၁၁ ရက်)နံနက် ၉ နာရီတွင် တံတားဦးလေဆိပ်မှလာသည့် ဂျက်ဖိုက်တာ တစ်စီးက ပေါင် ၁၀၀ ဗုံးသီးခြောက်လုံးနှင့် စက်သေနတ်တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ထိခိုက်ခဲ့ပြီး အသက်၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့ခံတစ်ဦးက အသိပေးသည်။

Public Service Announcement
“ဘာတိုက်ပွဲမှမရှိဘူး။အလွတ်ကြီးကို ဝင်ပစ်သွားတာ”ဟု ၎င်းက လေကြောင်းတိုက်ခိုက်ခံရမှုကို ရှင်းပြသည်။
စစ်ကောင်စီ၏ ပြည်သူများအပေါ် အကြောင်းမဲ့ သတ်ဖြတ်မှုများပို၍ လုပ်ဆောင်လာသောကြောင့် လေကြောင်းဆိုင်ရာသတိပေးချက်များကို အလေးထားရန် ဝက်လက်မြို့နယ်စစ်ရှောင်အရေး ကူညီပေးနေသူက တိုက်တွန်းသည်။
“အတတ်နိုင်ဆုံး ရောက်တဲ့နေရာမှာဝပ်ကြဖို့။ လေယာဥ်ဖြတ်နေတဲ့အချိန်မှ ပြေးတာလွှားတာ မလုပ်ကြဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။
ယနေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာ စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီ က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၃၀ခန့် သေဆုံးခဲ့ကြောင်း သိရသည်။


















































