Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲမတိုင်မီ စစ်ရေး၊ နိုင်ငံရေးတစ်ဆင့်တက်ရန်လိုဟုဒေါက်တာဇော်ဝေစိုးပြော

NUG ပြုပြင်​ပြောင်းလဲ​ရေးလုပ်​နေပြီး ပြည်တွင်း၌ ဝန်ကြီး ၉ ဦးအ​ခြေချအလုပ်လုပ်​နေဟုဆို

BPLA၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲတွင် ဒေါက်တာ​ဇော်​ဝေစိုးနှင့် TNLA ၊KNDF ၊BPLA ​ခေါင်း​ဆောင်များကို အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-BPLA

ဇူလိုင်-၁၆ ၊၂၀၂၅။People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြုပြင်ပြောင်းလဲရေး စတင်လုပ်ဆောင်နေသကဲ့သို့ စစ်ကောင်စီ၏ ရွေးကောက်ပွဲမတိုင်မီ စစ်ရေး နိုင်ငံရေး နောက်ထပ်တဆင့် တက်လှမ်းနိုင်ရေး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးထားကြောင်း NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

ဇူလိုင် ၁၅ ရက်ပြုလုပ်သည့် “အောင်ပွဲသစ်ဆီပဲခူး-တနသ်ာရီ” ကမ်ပိန်းဖွင့်ပွဲအခမ်းအနား၌ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

NUG ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် ဝေဖန်မှု၊ NUGကို အားမရကြောင်း ပြောဆိုမှုများနှင့်ပတ်သက်၍ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဆွေးနွေးရာ ၎င်းတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အားရသည်ဟုမပြောကြောင်း၊ သို့သော် အစွမ်းကုန် ကြိုးစားနေကြောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ဝန်ကြီးဒေါက်တာဇော်ဝေစိုး အပါအဝင် ပြည်ထောင်စုဝန်ကြီးများ ပြည်တွင်း၌ ရောက်ရှိနေပြီး ပြုပြင်ပြာင်းလဲရေး အတွက် လုပ်ဆောင်လျက်ရှိကြောင်း ရှင်းပြသည်။

“ကျနော်ပြန်ရောက်နေတာ အခုဆို လေးလရှိပါပြီ။ အခုဆို ကျနော်နဲ့အတူတူ ဝန်ကြီးတွေ ၉ ယောက်ရှိပါတယ်။ အရင်တုန်းက အဲဒီနေရာ အဲဒီဒေသကျနော် အခုရောက်နေတဲ့ နေရာဒေသမှာ ဝန်ကြီး တပါးတည်းရှိတာ။ ဝန်ကြီးတယောက်တည်း ရှိတာ။ ဆရာဦးရည်မွန်တယောက်တည်း အခုဆို ကျနော်တို့ အားလုံးပေါင်း ပြီးတော့ ၉ ယောက်ရှိပါတယ်။အခုကျနော်တို့ မြေပြင်မှာ အလုပ်လုပ်နေတယ်။ ကြိုးစားပြီး လုပ်နေတယ်”ဟု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါအဝင် ပသုံးလုံးနှင့်ပတ်သက်ပြီး ထိန်းကြောင်းမှုများ လုပ်ဆောင်နေကြောင်း၊ အားလုံး ဆိုးနေခြင်းမဟုတ်ဘဲ နေရာအချို့၌ထိန်းညှိရန်လိုအပ်သည်များကို ထိန်းကြောင်းလျက်ရှိကြောင်း ဆက်​ပြောသည်။

ထိုအပြင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်းလည်း ဝန်ကြီးက ပြောသည်။

“သုံးလလုံးလုံး ကျနော်ခရီးသွားပြီးတွေ့တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့တွေ့တယ်။ တော်လှန်ရေးခေါင်းဆောင်တွေနဲ့တွေ့တယ်” ဟု ဝန်ကြီးကပြောပြပြီးတွေ့ဆုံရာ၌ စစ်ရေး နိုင်ငံရေး နောက်တလှမ်းတက်ရန် ဆွေးနွေးခဲ့ပြီး ယင်းအတွက် ၀ိုင်းဝန်းကြိုးစားနေသည်ဟု​ပြောသည်။

“စစ်ရေးနိုင်ငံရေး နောက်တလှမ်းလှမ်းဖို့လိုတယ် နောက်တဆင့်တက်ဖို့လိုတယ်ဆိုတော့အဲဒါကြောင့် ၀ိုင်းလည်း ကြိုးစားနေတယ်။ မကြိုးစားတဲ့အဖွဲ့အစည်း တခုမှ မရှိပါဘူး” ဟုဝန်ကြီးကဆိုသည်။

အားမထုတ်သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း မရှိကြောင်း၊ အခက်အခဲ စိန်ခေါ်မှုများ ရှိနေပြီး ယင်းတို့ကို ကျော်လွှားနိုင်ရေး ဆောင်ရွက်နေကြောင်း ပြောပြသည်။

တော်လှန်ရေး အချိန်တခုထိကြာလာပြီဖြစ်၍ ခံနိုင်ရည်အပေါ်မူတည်ပြီးခက်ခဲမှုများလည်းရှိကြောင်း ၎င်းက ဆိုသည်။

“အားလုံးကတော့ တက်ကြွဆဲ ပါဝင်ဆဲ အားလုံးက ဆုံးဖြတ်ချက်တွေ ချထားတယ်လို့ ကျနော်နားလည်ပါတယ်။ အားလုံးက ဒီနေ့တော်လှန်ရေးပေါ့ ဖက်ဆစ်စစ်တပ်နဲ့ အာဏာရှင်ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့အတွက် အားလုံးက ဆုံးဖြတ်ချက် ချထားတဲ့အတွက် စိတ်ဓာတ်ခိုင်မာတဲ့သူတွေနဲ့ သွားနေတဲ့ ဒီတော်လှန်ရေးကတော့ သေချာပေါက် အောင်မြင်မယ့် တော်လှန်ရေးဖြစ်တယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်” ဟု၎င်းက ပြောသည်။

အခက်အခဲများရှိနေ၍ကျော်လွှားနေကြရကြောင်း၊ စစ်ရှောင်နေရသည်မှာ လေးနှစ်ကျော်ပြီဖြစ်ပြီး အိမ်မပြန်နိုင်သည်မှာလေးနှစ်ကျော်ရှိပြီးဖြစ်ကြောင်း၊ ဖက်ဆစ်စစ်တပ်က ပိုမိုရက်စက်လာကြောင်း၊ ၎င်းတို့၏ နောက်ဆုံး အချိန်ရောက်နေ၍ အင်အားရှိသမျှ အကုန်ထုတ်သုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒါကို အပြိုင်တိုက်နေရတဲ့ တိုက်ပွဲဖြစ်တာပေါ့။ အဲဒါကြောင့် ဒီတိုက်ပွဲက ခက်လည်းခက်တယ်။” ဟု ဝန်ကြီးက ပြောကြားပြီး တော်လှန်ရေးအစမှ လက်ရှိအချိန်ထိ တရက်မှ နောက်မဆုတ်ဘဲရှေ့တိုးနေကြောင်း အသိပေးသည်။

စစ်ရေးနောက်တဆင့်တက်ရန် ဆောင်ရွက်ရာတွင် ပဲခူးနှင့်တနသ်ာရီသည် နောက်တဆင့်တက်ရမည့်နေရာများဖြစ်သည်ဟုဆိုသည်။ ပဲခူးမှာဆိုလျှင် စစ်တောင်းမြစ်အရှေ့အနောက်၊ ပဲခူးအရှေ့ ပဲခူးအနောက်စသည့်ဒေသများတွင် ပိုမိုစိုးမိုးလာနိုင်ရေးနှင့် လမ်းတံတားစိုးမိုးမှုများအရေးကြီးခြင်းကြောင့် အားလုံးဝိုင်းကြိုးစားနေကြောင်း ၎င်းက အသိပေးသည်။

အလားတူ တနင်္သာရီသည်လည်း နယ်စပ်ဖြစ်သလို ထိုင်းနှင့်ဆက်သွယ်ရေး၊ ရေလမ်းရရှိရေး အရေးကြီး၍ ယင်းနေရာများ၌ နောက်တဆင့်တက်နိုင်ပါက တိုင်း ရင်းသားလက်နက်ကိုင်များအားလုံး ပေါင်းစည်းပြီး နိုင်ငံရေးနောက်ဆင့်တက်နိုင်သည့်အနေအထား ရောက်လာမည်ဟု ဝန်ကြီးက ပြောကြားသည်။ထို့ကြောင့်ပဲခူး၊ တနင်္သာရီ တိုက်ပွဲများကို အားပေးရန် အောင်ပွဲသစ်ဆီ ပဲခူး-တနသ်ာရီကမ်ပိန်း၌ ပါဝင်ပေးကြရန် လိုအပ်ကြောင်း ဒေါက်တာဇော်ဝေစိုးက နှိုးဆော်သည်။

NUG အနေဖြင့် ပြုပြင်ပြောင်းလဲရေး အစွမ်းကုန် ကြိုးစားနေပြီး သယံဇာတ၊ ကုန်သွယ်ရေးတို့မှ တဆင့် ရန်ပုံငွေများပိုမိုရရှိရန်ကြိုးစားနေသည်ဟု လည်းအသိ​ပေးသည်။

“ဆက်ပြီးတော့ တွန်းရမယ် ပါဝင်ရအုံးမယ်။ ဒီပါဝင်မှုတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်ရေးနောက်တဆင့်တက်နိုင်လိမ့်မယ်လို့ မြင်ပါတယ်” ဟု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

လတ်တ​လောတွင် ​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်ထား​​သော မြို့​ပေါင်း ၉၅ မြို့ထဲမှာ မိုးဗြဲမြို့ နှင့် ​နောင်ချိုမြို့ကို စစ်​ကောင်စီကတန်ပြန်ထိုးစစ်ဆင်၍ ပြန်လည်ထိန်းချုပ်သွားသည်။ သပိတ်ကျင်းမြို့ ကိုလည်းစစ်​ကောင်စီက တန်ပြန်ထိုးစစ်ဆင်​နေပြီး ၊​နောင်ချိုကျသွားသဖြင့်ကျောက်မဲ ၊ သီ​ပေါ ၊မိုးကုတ် မြို့နယ်တို့မှာစစ်​ရေးဖိအားများလာသည်။ တဖက်တွင် ​တော်လှန်​ရေးတပ်ဖွဲ့များက ​မော်ချီ ၊ဗန်း​မော် မြို့သိမ်းတိုက်ပွဲများမှာ စစ်စခန်းအချို့ကျန်​သေးပြီးလက်စသတ်မသိမ်းပိုက်နိုင်​သေး​ပေ။ ကရင်ပြည်နယ်တွင်မူ KNU တပ်မဟာ (၆)တွင် ​နောက်ဆုံးကျန်​သော​ဝေါ​လေဗျူဟာ နှင့် တိသဲလယ် ကာကင်းစခန်းကို အပြီးသတ်သိမ်းနိုင်ရန် KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကထိုးစစ်ဆင်​နေပြီး ၊အာရက္ခတပ်​တော်က ​ကျောက်ဖြူမြို့မှစစ်စခန်းများကိုလည်းထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။