Connect with us

Hi, what are you looking for?

သတင်း

ဆေးရုံ၊ဆေးခန်းများ လေကြောင်းတိုက်ခိုက်မှု လေးလအတွင်းအကြိမ် ၃၀ရှိဟု NUG ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ် ပြီးနောက် ဆေးရုံ၊ဆေးခန်းများ လေကြောင်းမှ တိုက်ခိုက်မှုပိုမိုပြုလုပ်ခဲ့ပြီး လေးလအတွင်း အကြိမ် ၃၀တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ချာဂျင် (Charging) ပြည်သူ့ဆေးရုံအား စစ်ကောင်စီတပ်က ဇူလိုင် ၂၇ရက်တွင် လေကြောင်းဖြင့် (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - NUG ကျန်းမာရေး

ဩဂုတ်-၇၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ် ပြီးနောက် ဆေးရုံ၊ဆေးခန်းများ လေကြောင်းမှ တိုက်ခိုက်မှုပိုမိုပြုလုပ်ခဲ့ပြီး လေးလအတွင်း အကြိမ် ၃၀တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဧပြီလအတွင်း စစ်ကိုင်း ၊ မန္တလေး ၊ ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံ၊ဆေးခန်းများ လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ် ပြုလုပ်ခဲ့ပြီး မေလတွင် စစ်ကိုင်း ၊ သထုံ ၊ မကွေး နှင့် တနင်္သာရီတိုင်းရှိ ဆေးရုံ၊ဆေးခန်းများကို လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်ပြုလုပ်ခဲ့သည်။

ဇွန်လတွင် စစ်ကိုင်း ၊ မန္တလေးနှင့် တနင်္သာရီတိုင်းရှိ ဆေးရုံ၊ဆေးခန်းများ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် နှင့် ဇူလိုင်လတွင် ရှမ်းပြည်နယ်မြောက် ပိုင်း ၊ ကရင်နီပြည်နယ် ၊ မကွေး နှင့် စစ်ကိုင်းရှိ ဆေးရုံ၊ဆေးခန်းများ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် စစ်ကိုင်းတိုင်းမှာ ဆေးရုံ၊ဆေးခန်းများကို လေကြောင်းမှ တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး ဆေးရုံဆေးခန်း ၁၃ ခုကို တိုက်ခိုက်ခံခဲ့ရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက် တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ Charging ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံ၌ တတ်ရောက်ဆေးကုသနေသည့် ကလေးငယ်တစ်ဦး ၊ သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် ပြည်သူငါးဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံအဆောက်အဦးအပါအဝင် ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများလည်း ပျက်စီးဆုံးရှူံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းထားသည့် လေးနှစ်တာကာလအတွင်း ဆေးရုံဆေးခန်းများနှင့် ကျန်းမာကဏ္ဍအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။” ဟု ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။

ဝန်ကြီးဌာနအနေဖြင့်လည်း သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် ဝမ်းနည်းကြေကွဲရကြောင်း နှင့် ၎င်းတို့အတွက် တရားမျှတမှုရရှိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်များ နှင့် လက်ပါးစေများကို တရားဥပဒေအရအ‌ရေးယူန်ုင်ရန်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ