Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာ နှင့် အမ်း-ပဒါန်းလမ်းစစ်မြေပြင်သို့စစ်​ကောင်စီကစစ်သားသစ်ရာချီပို့ဆောင်နေ

နတ်​ရေကန်ဗျူဟာ စစ်စခန်းကို Google Earth တွင်​တွေ့ရမှု

သြဂုတ်-၁၉၊၂၀၂၅။လူအေး/People’s Spring

နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၁၃၊၁၄ နှင့် ၁၅ သင်တန်းဆင်းများကို နတ်ရေကန်ဗျူဟာနှင့် အမ်း-ပဒါန်းလမ်းစစ်မြေပြင်သို့ဆက်တိုက်ပို့ဆောင်နေသည်။

အာရက္ခတပ်‌တော်(AA)နှင့် ပူးပေါင်းတပ်များကအမ်း-ပဒါန်းလမ်း နှင့် နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေပြီး စစ်တပ်ကလည်း စစ်မှုထမ်းသင်တန်းဆင်းများရာချီပို့၍ အင်အားဖြည့်တင်းလာခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ရက်တွေကအင်အား၆၀၀ -၅၀၀လောက် ရောက်တယ်။အခုရက်လည်း ရာဂဏန်း‌ထပ်ရောက်လာတယ်။စစ်မှုထမ်းတွေကိုဆက်တိုက်ပို့ နေတာ” ဟု ချင်းကာကွယ်ရေးတပ်(အရှို) CDF – Ashoမှ တာဝန်ရှိသူတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်မှုထမ်းအပတ်စဉ် ၁၃ နှင့် ၁၄ သင်တန်းဆင်းများကို ပို့ဆောင်နေပြီး ထိုအင်အားများဖြင့် စစ်ကောင်စီက ထိုးစစ်ကို ပိုမိုအရှိန်မြှင့်လာသည်ဟု သတင်းရရှိသည်။

“ဘယ်လောက်ပဲစစ်သင်တန်းကိုကောင်း‌ကောင်းမတက်ခဲ့ရဘူးပြောပြော အင်အားများလာလို့ ထိုးစစ်ကို ပိုလုပ်လာတယ်။ ရန်သူနေရာကို အင်အားသုံးပြီးရှာဖွေတာတွေလုပ်လာနိုင်တယ်”ဟုAAနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှတာဝန်ရှိသူတဦးကပြောသည်။

သင်တန်းဆင်း စစ်သားများကိုလေကြောင်းအပြင် ပုသိမ်-မုံရွာလမ်းမှတစ်ဆင့် စစ်ကောင်စီက ပို့ဆောင်နေခြင်းဖြစ်သည်။ ထိုထဲမှစစ်မှုထမ်းသင်တန်းဆင်းအချို့သည် ထွက်ပြေးလာပြီး AAနှင့် မဟာမိတ်များထံ အလင်းဝင်မှုများလည်းရှိနေသည်။ သို့သော် အချို့သည် ခံယူချက်ဖြင့်အလင်းဝင်ခြင်းမဟုတ်ဘဲ စစ်ကောင်စီထံတွင် ဒုက္ခရောက်၍ထွက်ပြေးလာခြင်းဟုCDF–Asho တာဝန်ရှိသူက ပြောသည်။

“ရှေ့တန်းမှာပဲဖြစ်ဖြစ်သာရင်သာတယ်ဆိုပြီး နေကြတယ်။ရာသီဥတုမကောင်းလို့၊ နေလို့စားလို့ မကောင်းလို့၊ စိတ်ညစ်မခံနိုင်လို့ ထွက်ပြေးလာကြတာလည်း ရှိတယ်။အလင်းဝင်တာနဲ့ သုံ့ပန်းဖြစ်တာနဲ့ မတူဘူး။ဘယ်လမ်းကိုရွေးမလဲကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့”ဟု ‌၎င်းကဆက်​ပြောသည်။

ထိုအပြင် နတ်ရေကန်ဗျူဟာအနီး သြဂုတ်လ ဒုတိယပါတ်တွင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ငဖဲမြို့နယ်စွန်တက်​ကျေးရွာ​မြောက်ဘက်တွင်ဩဂုတ်လ ၁၄ရက်နေ့ကတပ်မ(၉၉)လက်
အောက်ခံတပ်ရင်းများက စစ်​ကြောင်းထိုးလာ၍ နာရီဝက်ဝန်းကျင်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ် စစ်​ကြောင်းလန်ကာပြန်ဆုတ်သွားခဲ့​ကြောင်း AA ကသြဂုတ် ၁၆ ရက်တွင်ထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်သား ၂၀ဦးခန့် ၏ရုပ်အ​လောင်းများနှင့်လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်းAAက အသိ​ပေးထားပြန်သည်။

စစ်မှုမထမ်းမနေရ ဥပဒေအား ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်းနေသော စစ်ကောင်စီတပ်၏ စုဆောင်းခြင်းကိုခံခဲ့ရသော မြန်မာပြည်အနှံ့မှ လူငယ်များသည် တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို့ပို့ဆောင်ခံရပြီး စစ်အင်အားဖြည့်တင်းမှု နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိစ္စရပ်များတွင် အစတေးခံနေရသည်ဟု AAကလည်း ထုတ်ပြန်ထားသည်။

အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီးအမ်း-ပဒါန်း စစ်မြေပြင်သို့ ပို့ဆောင်ခံရသော စစ်မှုထမ်းသင်တန်းဆင်းတပ်သား နေလင်းအောင်က AAထံ အလင်းဝင်ပြီးထွက်ဆိုရာ၌ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၁၄၊၁၅ အပြင် စစ်ကောင်စီတပ်ရင်းအချို့မှ အင်အား ၁၀၀ ကျော်ကို အမ်း-ပဒါန်း လုံခြုံ‌ရေးကင်း ဟု ခေါ်ခဲ့ပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရကြောင်းပြောထားသည်။

“ကျတော်တို့ ပစတွေအတော်များများက အရှေ့ဆုံးပွိုင့်မှာဆင်းရတာများပါတယ်။အရှေ့မှာဘယ်သူမှမရှိဘူး။ကျတော်တို့ပစတွေပဲရှိတယ်။ ရန်သူနဲ့ မျက်နှာချင်းဆုံရင်ပစ်ရင်၊ ရန်သူ့ဖက်ကပစ်အားများလို့ ကျတော်တို့ ဆုတ်လာရင် အရာရှိများက၊ အရာခံတွေက မင်းတို့ဘာလို့ဆုတ်လာတာလဲဆိုပြီး ပစ်တာများတယ်။ကျတော့်ရှေ့မှာတင် သူငယ်ချင်းတစ်ယောက်က နောက်က အရာရှိပစ်လို့ နောက်စေ့ပွင့်သွားတယ်” ဟု ၎င်းက ပြောသည်။

ထွက်ပြေးသူများလည်းရှ်ိပြီး ပြန်ဖမ်းမိပါက ရှေ့တန်းစစ်ပြေပြင်တိုက်ပွဲကြား၌ ကြိုးတုပ်ထားကြောင်း၊ စစ်မတိုက်လို၍ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် ပြန်ပစ်သူများကိုလည်း ဆေးမကုဘဲ ‌ချုပ်နှောင်ထားကြောင်း ၎င်းကပြောသည်။

ထို့အပြင် စစ်သားများနှင့် ပြည်သူ့စစ်သင်တန်းဆင်းများသည် မူးယစ်ဆေးသုံးစွဲကြကြောင်းလည်း တပ်သား နေလင်းအောင်က ထုတ်ဖော်ဝန်ခံထားသည်။ အလင်းဝင်ပါက AA က သတ်ဖြတ်မည်ဟု စစ်ကောင်စီအရာရှိများကပြည်သူစစ်သင်တန်းဆင်းများအားခြိမ်းခြောက်ထားသည်ဟု AA ထံအလင်းဝင်ခဲ့​သော ​နေလင်း​အောင်က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။