Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ဩဂုတ် ၂၄ရက် မနက် ၅နာရီကျော်တွင် တိုက်လေယာဉ် ၂စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ကချင်နှင့် ရှမ်းမြောက်ကို လေကြောင်းစစ်ဆင်ရေးပိုလုပ်လာနိုင်၍ လူစုလူဝေး မပြုလုပ်ရန် သတိပေး

ဩဂုတ်-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ဩဂုတ် ၂၄ရက် မနက် ၅နာရီကျော်တွင် တိုက်လေယာဉ် ၂စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီက ဩဂုတ် ပထမပတ်မှစ၍ ဗန်းမော် မြို့ကို လေကြောင်း စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး မြေပြင်မှလည်း ထိုးစစ်ဆင်နေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် တိုက်ပွဲများရှိနေသည်။

Public Service Announcement

Public Service Announcement

” လေကြောင်းနဲ့ ဖိအားပေးနေတဲ့ သဘောပါ။ စကခ -၂၁ အနီးတဝိုက်တော့ ဒရုန်း ကင်းထောက် ၂၄နာရီ သူတို့ လွှတ်ထားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကိုလည်း လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင်စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ထို့အပြင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီတပ်က ဒေသခံများ ရှိရာနေရာများသို့ ဒရုန်းဖြင့်တိုက်ခိုက်နေ၍ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်း၌ သတင်းဖော်ပြထားသည်။

လက်ရှိတွင် အင်းတော်ကြီးဒေသ မမုံကိုင်နှင့် မိုင်းနောင်ဒေသ၌ စစ်ရေးတင်းမာနေကြောင်း၊ ရှမ်းနီ SNAတပ်က ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးနေ၍ ဒေသခံများ သွားလာရေးခက်ခဲနေကြောင်း ဖော်ပြထားပြီး အင်းတော်ကြီးဒေသခံများသည် မိုးညှင်း၊ မိုးကောင်းနှင့် ဟိုပင်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရ၍ စားဝတ်နေရေး အကူအညီများလိုအပ်လျက်ရှိဟုလည်း အသိပေးသည်။

မိုင်းနောင်နှင့် မမုံကိုင်ဒေသကို စစ်ကောင်စီတပ်နှင့် SNAက ဇူလိုင်လလယ်တွင် ထိုးစစ်ဆင်ခဲ့၍ KIAက ဆုတ်ခွာပေးခဲ့ရာ ၁လအကြာ ဩဂုတ်လလယ်တွင် KIAက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခု ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီက ကချင်နှင့် ရှမ်းမြောက်ကို လေကြောင်း စစ်ဆင်ရေးအရှိန်မြှင့် လုပ်ဆောင်မည့် သတင်းများရထားဟု စစ်ရေးသတင်းရင်းမြစ်တဦးက ဆိုသည်။

“အချိန်မရွေး လေကြောင်း ထိုးစစ်ဆင်မှုတွေ ပြင်းပြင်းထန်ထန်လုပ်လာနိုင်တဲ့အတွက်ကြောင့် လူစုဝေးတာတို့ အခမ်းအနား လူအများကြီး စုဝေးပြီး ပြုလုပ်တာတွေမပြုလုပ်ဖို့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ဒီမနက်အစောပိုင်း သတင်းပေးပို့ထားတာရှိပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ယမန်နေ့ ဩဂုတ် ၂၃ရက်က ပြောသည်။

ထို့ကြောင့် လူစုလူဝေး အခမ်းအနား၊ သင်တန်းများ မပြုလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့များဘက်က သတိပေးထားသည်ဟု ဆိုသည်။

စစ်ကောင်စီသည် တအင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မြို့ရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ယခုလအတွင်း ပြည်သူ အစုလိုက်သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

တအာင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်အရ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်နှင့် မိုင်းငေါ့ရှိ အရပ်သားနေထိုင်နေရာများကို စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့၍ ပြီးခဲ့သည့် တလအတွင်း ပြည်သူ ၅၉ဦး သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။