စက်တင်ဘာ ၁၃ ၊ ၂၀၂၅။ဇော်ဝင်း /People’s Spring
လက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးပြီးနောက် ပြန်လွတ်လာတယ်ဆိုတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မွန်ပြည်နယ်ဥက္ကဌနဲ့ အပေါင်းအပါတွေဖြစ်စဥ်ဟာ တကယ်ဖြစ်ပွားမှုမရှိဘဲ လုပ်ကြံဇာတ်လမ်းသာ ဖြစ်တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တာဝန်ရှိသူ တွေက လူထုနွေဦးကို ပြောပါတယ်။
စက်တင်ဘာ ၁၀ရက်က သံဖြူဇရပ်နဲ့ ရေးမြို့ နယ်ကြားမှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ရဲ့ မွန် ပြည်နယ် ဥက္ကဌ ဒေါ်မြသီတာနဲ့ ပါတီဝင်ဖြစ်တဲ့ ဦးဟိန်းလင်းအောင်၊ ဒေါ်ခင်သီတာကျော်နဲ့ နောက်ထပ်အမျိုးသမီးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ကနဦးသတင်းထွက်လာပါတယ်။
စက်တင်ဘာ ၁၂ ရက်မနက်ပိုင်းမှာ ပြန်လွတ်လာပြီး လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့တာလို့ အဲဒီပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးစောဟန်အေးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအကြောင်းနဲ့ ဖြစ်စဥ်နေရာကို အသေးစိတ် မသိရှိဘူးလို့ သူက ဆိုပါတယ်။ဒါ့အပြင် ဖမ်းဆီးခံရသူဆိုတဲ့ ပြည်နယ်ဥက္ကဌဒေါ်မြသီတာနဲ့ ပါဝင်သူတွေထံ တိုက်ရိုက်ချိတ်ဆက်နိုင်ဖို့ လူထုနွေဦးက တောင်းဆိုပေမယ့် ဆက်လက်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ရဲ့ ဖြစ်စဉ်ဟာ မွန်ပြည်မှာဖြစ်ပွားတာ မရှိဘဲ လုပ်ကြံဇာတ်လမ်းသာဖြစ်ကြောင်း မွန်ပြည်နယ် သံဖြူဇရပ်နဲ့ ရေးမြို့နယ်မှာ စစ်ရေးဖော်ဆောင်နေတဲ့ ရေးဘီလူးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
“ပထမတစ်ချက်က တပ်က ရှာလို့ပြန်တွေ့တယ်ဆိုပြီး သတင်းထုတ် ပုံဖော်တယ်။နောက်တစ်ချက်က PPP ဆိုတာ နဂိုကတည်းက တပ်ထောက်ခံတဲ့အဖွဲ့အစည်းဆိုတာ အမျိုးအသိပဲ။ဒါကြောင့် တပ်ကို ဆန့်ကျင်တဲ့အဖွဲ့တွေဖြစ်တဲ့ကျွန်တော်တို့လို တော်လှန်ရေးအဖွဲ့တွေက တကယ်တမ်းဖမ်းပြီးဆိုရင် သက်သေတွေနဲ့တကွ အော်ကြတော့မှာပေါ့။အခုက ပျောက်တဲ့ရက်နဲ့ ပြန်ပေါ်လာတဲ့ရက်က ဘာမှမှ မကြာတာလေ။ဒါက ပြဇာတ် သဘောမျိုးပဲ”လို့ ရေးဘီလူးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကန့်ကွယ်တယ်ဆိုတာ အတိအလင်းကြေညာထားပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်သူတိုင်းကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သူက အသိပေးပါတယ်။
“ကျိန်းသေတာတော့ မွန်နဲ့တောင်ပိုင်းတိုင်း တပ်တွေအားလုံးက ရွေးကောက်ပွဲရော ရွေးကောက်ပွဲနဲ့ပတ်သက်သူတိုင်းကို အရေးယူမယ်အသိပေး ပြီပြီ။အခုလို ပြန်လွတ်ဖို့ဆိုတာ လုံးဝမရှိဘူး။ဥပဒေအတိုင်းအရေးယူမှာလေ”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
PPP ပါတီမွန်ပြည်နယ် ဥက္ကဌ ဖြစ်စဥ်က စစ်ကောင်စီနဲ့ PPP ပူးပေါင်းကြံတဲ့ လုပ်ဇာတ်ဖြစ်နိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မိတလဥာဏ်က ဆိုပါတယ်။
“ကျွန်မတို့ မဖမ်းဘူး။အဲဒါ (စစ်ကောင်စီနဲ့ PPP ပူးပေါင်းတဲ့ လုပ်ဇာတ်) ဖြစ်နိုင်တယ်။ကျွန်မတို့ တွေးမိတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် တောင်ပိုင်းတိုင်းစစ်ဒေသ အခြေစိုက်ဗျူဟာ ၂၇ နဲ့ ဗျူဟာ ၃၃ တာဝန်ရှိသူတွေကလည်း PPP ပါတီဖြစ်စဥ်နဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာမရှိဘူးလို့ ဖြေကြားပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ယူဆပြောဆိုချက်နဲ့ ပတ်သက်လို့ PPP ပါတီဗဟိုအလုပ်မှုဆောင် ဦးစောဟန်အေးကို လူထုနွေဦးက ဒီကနေ့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
“စစ်တပ်နဲ့ ပြည်သူ့စစ်တွေကဖမ်းတာ ဖြစ်ဖို့များတယ်။သူတို့လူအချင်းချင်းမှားဖမ်းတာမျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့။အဲဒါကြောင့် ပြန်လွတ်လာတာလို့ထင်တယ်။ဒါမှမဟုတ် ပါတီ နာမည်ကြီးချင်လို့ လုပ်ဇာတ်လည်းဖြစ်နိုင်တယ်။သံ ဖြူဇရပ်နဲ့ရေးလမ်းပိုင်းမှာက စစ်တပ်က ထိုးစစ်ဆင်နေတာလေ”လို့ ရေးမြို့ခံတစ်ဦးက ပြောထားပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ PPPပါတီဝင်အချို့ ပျောက်ဆုံးတဲ့ဖြစ်စဉ်ကို ကူရှာနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
စစ်တပ်က ဦးစီးလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါဝင်သူတိုင်းကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ပြီးခဲ့တဲ့လပိုင်းကတည်းက မွန်ပြည်နယ်အခြေ စိုက်တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။


















































