စက်တင်ဘာ−၂၉၊ ၂၀၂၅။ ကျော်ဇော/ People’s Spring
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတရွာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ကျောင်းသားတဦးသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီခွဲလောက်က အလယ်ကုန်းရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဥယျာဥ်ကြီးရွာထဲကို ဒရုန်းနဲ့ ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“နေအိမ်ပေါ်တည့်တည့် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ကျောင်းသား ၁၀ တန်းကျောင်းသားလေး ထိမှန်သေဆုံးခဲ့ပါတယ်”လို့ ဒေသခံတဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးလေးလုံးမှာ နှစ်လုံးပေါက်ကွဲခဲ့ပြီး စာကျက်နေတဲ့ ဆယ်တန်းကျောင်းသား အိုင်းစတိုင်း(၁၈ နှစ်)ဟာ ဗုံးထိမှန်သေဆုံးသွားခဲ့တယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ ဥယျာဥ်ကြီးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်တပ်က ပြည်သူကိုပစ်မှတ်ထားပြီး ရည် ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မှတ်ချက်ပေးပါတယ်။
အလားတူ ကြို့ပင်ကောက်မြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ အုတ်ဖိုမြို့နယ်မှာလည်း ခြောက်တင်းကွင်းရွာတာဆုံမှာ စစ်ဆေးရေးဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၂၅ ရက်က ဆိတ်ကြီးရွာနဲ့ မျောက် ချောကုန်းရွာတွေကို လက်နက်ကြီး ရှစ်လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။


















































