အောက်တိုဘာ-၂၊၂၀၂၅။လူအေး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ မန်တုံမြို့ကို ဒီနေ့အောက်တိုဘာ ၂ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ရာ ကနဦးသတင်းအရ အရပ်သားသုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
နမ္မတူမြို့၊ ရပ်ကွက်(၈)နဲ့ မန်တုံမြို့နယ်တနေရာကို မနက် ၇နာရီ၁၅မိနစ်နဲ့ ၇နာရီခွဲမှာ ဗုံးကြဲသွားတာလို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က ပြောပါတယ်။
” နမ္မတူက ဒေသခံ သုံးဦး သေဆုံးတယ်။ ခုနစ်ယောက်ဒဏ်ရာရတယ်။ ကလေးတွေပါတယ်” လို့ နမ္မတူမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
အခြားနမ္မတူမြို့ခံတဦးကလည်း ” ဖုန်းလိုင်းမကောင်းတာရော၊ သွားလို့မရတာရောကြောင့် အထိအခိုက်တွေကိုကျွန်တော်တို့မသိရဘူး။ နမ္မတူဆိုဆိုရင် မြို့ထဲကိုကြဲသွားတာ။ မန်တုံလည်း မြို့နားနီးတယ် “ လို့ ပြောပါတယ်။
ဒါ့အပြင် မန်တုံမြို့အနီးကိုလည်း ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပြီး လူထိခိုက်မှုအခြေနေကို မသိရသေးဘူးလို့ ရှမ်းမြောက်သတင်းရင်းမြစ်က ပြောပါတယ်။
TNLAဟာ ၂၀၂၃အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။
၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကို လက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ စစ်ကောင်စီက ကျောက်မဲမြို့ကိုလည်းထိုးစစ်ဆင်ရာ မနေ့က အောက်တိုဘာ ၁ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်မဲမြို့ကိုထိန်းချုပ်လိုက်ပြီလို့ ကြေညာပြီးနောက်တနေ့မှာ နမ္မတူနဲ့ မန်တုံမြို့ကို စစ်ကောင်စီက ဗုံးကြဲတာ ဖြစ်ပါတယ်။
” ပြေးလိုက်တာဗျာ။ ရင်တွေတုန်လိုက်တာ။ ရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်မှာလဲမသိတော့ဘူး။ အရပ်သားတွေအတွက်က အရမ်းစိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါပြီ” လို့ နမ္မတူမြို့ခံတဦးကပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို ဆက်လက်တိုက်ခိုက်မယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေကနေ ဖော်ပြနေပါတယ်။
TNLAကတော့ ဒေသခံပြည်သူတွေ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်၊ စစ်ရေးအခြေအနေတွေကို သတိပြုဖို့ထိုးပြန်ထားပါတယ်။
အရပ်သားပြည်သူတွေလုံခြုံရေးနဲ့ပတ်သက်တဲ့ ရှင်းလင်းတဲ့ထုတ်ပြန်မှုမျိုးကိုတော့ ဖော်ပြထားခြင်းမရှိသေးပေ။



















































