Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်မီးထွန်းပွဲကို စစ်တပ် ပါရာမိုတာနဲ့ ဗုံးကြဲသတ်ခဲ့မှုအ​ပေါ် နိုင်ငံတကာမီဒီယာတွေ အကျယ်တဝင့်ဖော်ပြ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီက ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့လို့ အရပ်သား အများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။

​အောက်တိုဘာ-၈၊၂၀၂၅။People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီက ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့လို့ အရပ်သား အများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ညတုန်းက ချောင်းဦးမြို့နယ်ရဲ့ ဘုံတိုရွာထဲမှာ မီးထွန်းပွဲတော် ကျင်းပနေတုန်း စစ်ကောင်စီရဲ့ ပါရာမိုတာက ဗုံးကြဲခဲ့တာကြောင့် က​လေးငယ်​တွေအပါအဝင် ပြည်သူဒါဇင်နဲ့ချီ​သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တာပါ။

အောက်တိုဘာ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ဗုံးကြဲသတ်ဖြတ်မှုအ​ပေါ် နိုင်ငံတကာ မီဒီယာတွေကလည်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖော်ပြခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ဩဇာကြီးမားတဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ New York Timesကလည်း ဘုံတိုရွာမှာ ပါရာမိုတာ ဗုံးကြဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင် သက်သေ တစ်ဦးနဲ့ NUGတို့ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ လူလိုက်ပါစီးနင်းနဲ့ ပါရာမိုတာ တစ်စီးပေါ်ကနေ အခုတိုက်ခိုက်မှုကို လုပ်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း New York Timesက ရေးသားထားပါတယ်။ အောက်တိုဘာ ၆ ရက်နေ့ တိုက်ခိုက်မှုမှာ ၂၄ ဦးထက်မနည်း သေဆုံးပြီး ၄၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ New York Timesက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းအခြေစိုက်လှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် အနည်းဆုံး တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ New York Timesက သတင်းရေးသားခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ ညပိုင်းအထိတော့ စစ်ကောင်စီဟာ ဘုံတိုရွာမှာ ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့တဲ့ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးဘူးလို့လည်း New York Timesက ဖော်ပြထားပါတယ်။

ဗြိတိန်ရဲ့ Independent သတင်းဌာနက ချောင်းဦးမြို့နယ်ထဲမှာ လူပေါင်း ၁၀၀ လောက် စုဝေးပြီး ဖယောင်းတိုင် ထွန်းနေကြတဲ့ ဘာသာရေး ပွဲတော် တစ်ခုကို ပါရာမိုတာ (ပါရာဂလိုက်ဒါ) တွေက ဗုံးကြဲလို့ ၂၄ ဦးထက်မနည်းသေပြီး ၄၇ ဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ စက်တပ်ထားတဲ့ ပါရာဂလိုက်ဒါပေါ်ကနေ ဗုံးနှစ်လုံးကို ကြဲချခဲ့တာဖြစ်ကြောင်း၊ ပျံသန်းနိုင်တဲ့ အဲဒီယာဉ်တွေမှာ စစ်သား ၃ ဦးထိ စီးနင်းလိုက်ပါနိုင်ကြောင်း Independentက ဖော်ပြခဲ့ပါတယ်။ BBCရဲ့ သတင်းမှာ ဖော်ပြထားတဲ့ အသေအပျောက် ကိန်းဂဏန်းတွေကလည်း Independentနဲ့ တူညီမှု ရှိပါတယ်။

ပါရာဂလိုက်ဒါနဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်မှာ ထိခိုက်သေကြေမှု ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကတော့ ကွဲပြားမှုတွေ ရှိခဲ့ပါတယ်။

Metro သတင်းဌာနကတော့ စုစုပေါင်း ၄၀ လောက်သေပြီး ၈၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီ ကိန်းဂဏန်းဟာ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မီးထွန်းပွဲတော် စီစဉ်သူ တစ်ဦးဆီကနေ ရရှိထားတာလို့ Metroက ဆိုပါတယ်။စက်တပ်ပါရာဂလိုက်ဒါချဉ်းကပ်လာတာကိုသတိထားမိလို့ ပွဲစီစဉ်သူတွေက လူထုကို အရေးပေါ် သတိပေးခဲ့တဲ့အတွက် သုံးပုံတစ်ပုံလောက်က ဘေးလွတ်ရာ တိမ်းရှောင်နိုင်ခဲ့ကြကြောင်း၊ ဒါပေမဲ့ သေဆုံးခဲ့ကြတဲ့ထဲမှာ ကလေးတွေလည်း ပါဝင်ပြီး ခန္ဓာကိုယ်တွေပါ အပိုင်းပိုင်း ပြတ်ကုန်ကြောင်း Metroရဲ့ သတင်းမှာ ပါရှိခဲ့ပါတယ်။

Al Jazeera သတင်းဌာနကတော့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ကို ၂၀ ကျော်လို့ ဖော်ပြခဲ့ပြီး Amnesty International (AI)ရဲ့ မြန်

မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းရဲ့ အဆိုကိုပါထည့်သွင်း ရေးသားထားပါတယ်။ ဖရီးမန်းက စစ်ကောင်စီဟာ အာဏာကို ပိုမို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ဖို့အတွက် အခုနှစ်ကုန်ပိုင်းမှာ တစ်ဖက်သတ် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေရင်း တစ်ချိန်တည်းမှာပဲ တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားတဲ့ ဒေသတွေကို ရက်ရက်စက်စက် ဖြိုခွင်း တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ပြောကြားသွားပါတယ်။ အသေအပျောက် ကိန်းဂဏန်းတွေကို တိတိကျကျအတည်မပြုနိုင်သေးကြောင်း၊ ပါရာမိုတာတွေဟာ အရပ်သား ဧရိယာတွေပေါ် ဗုံးနဲ့ တခြားဖောက်ခွဲရေးပစ္စည်းတွေကြဲချဖို့စစ်တပ်က ပိုမို ချဲ့ထွင် အသုံးပြုလာတဲ့ ယာဉ်အမျိုးအစားဖြစ်ကြောင်းလည်း Al Jazeeraက ဆိုပါတယ်။

WION သတင်းဌာနကတော့ အသေအပျောက် စာရင်းကို ၄၀ ကျော်နဲ့ ဒဏ်ရာရသူ ၄၇ ဦးလို့ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဘာသာရေး ပွဲတော်တစ်ခုနဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်နေစဉ် အတောအတွင်း ပါရာဂလိုက်ဒါတွေနဲ့ ဗုံးကြဲတာ ခံခဲ့ရပြီး ကြေကွဲစရာ ဖြစ်ရပ်ဆိုးမျိုးအဖြစ် ပြောင်းလဲသွားတယ်လို့ WIONက ရေးသားထားပါတယ်။ သီတင်းကျွတ် မီးထွန်းပွဲတော်နဲ့အတူ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဖယောင်းတိုင်မီးထွန်းညှိ ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်နေတဲ့အချိန် စက်တပ် ပါရာဂလိုက်ဒါက လူအုပ်ထဲ ဗုံးနှစ်လုံး ကြဲချသွားတာလို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) အရာရှိ တစ်ဦးရဲ့ အဆိုကို WIONက ကိုးကားထားခဲ့ပါတယ်။

AFP သတင်းဌာနမှာတော့ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးကို ဆက်သွယ် မေးမြန်းထားခဲ့ရာမှာအခမ်းအနားစီစဉ်သူတွေကပါရာမိုတာ ပျံသန်းလာနေတာကို လူတွေဆီ အမြန်လိုက် သတိပေးပြီး လူစုခွဲစေခဲ့ပေမယ့် အဲဒီအချိန်မှာတင် တစ်စီးက လူအုပ်ပေါ် ဖြတ်ပျံသွားခဲ့တယ်လို့ သူတွေ့ကြုံတာကို ပြောပြထားပါတယ်။ ဗုံးနှစ်လုံးဟာ လူစုလူဝေး အလယ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အများအပြား သေကြေခဲ့ကြောင်း၊ ပါရာမိုတာက ထွက်ခွာသွားပြီဆိုတာ သေချာတာနဲ့ ဒဏ်ရာရသူတွေကို ဒေသခံတွေက ကူညီဖို့ အပူတပြင်း ကြိုး

စားခဲ့ကြောင်းသူကဆိုပါတယ်။ပေါက်ကွဲမှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့ တချို့ အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ခွဲခြားဖို့တောင် ခက်ခဲသွားတယ်လို့လည်း ဒေသခံတွေက မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တစ်နေ့ မနက်ထိ ရွာသားတွေဟာအလောင်းတွေက ပြတ်ထွက်နေတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလိုက်လံစုစည်းကောက်ယူလို့ မပြီးနိုင်အောင် ဖြစ်နေသေးတယ်လို့ အမျိုးသမီးက ဆိုပါတယ်။

BBC သတင်းဌာနက စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမိုချဲ့ထွင် အသုံးပြုလာချိန်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ် မလုံလောက်မှုအတွက် အစားထိုးနည်းလမ်းအဖြစ်ပါရာမိုတာတွေကိုကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

သီတင်းကျွတ် လပြည့်ည မီးထွန်းပွဲ ကျင်းပရင်း ဆန္ဒပြရာမှာ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားသစ် စုဆောင်းမှုတွေကို ဆန့်ကျင်တာ၊ စစ်ကောင်စီက ကြီးမှူးမယ့် ရွေးကောက်ပွဲကို ကန့်ကွက်တာ၊ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း နိုင်ငံတကာ သတင်းဌာနတွေမှာ ရေးသားထားခဲ့ပါတယ်။

အိန္ဒိယသတင်းဌာဖြစ်တဲ့ Time of India သတင်းဌာနကလည်း ဆီးမီးထွန်းပွဲပြုလုပ်တဲ့​နေရာကိုစစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၄၀ ​​​လောက်​သေဆုံးပြီး( ၈၀)ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့​ဖော်ပြပါတယ် ။ဒါ​ပေမယ့် စစ်တပ်ကို ကူညီ​နေတဲ့ တရုတ်နိုင်ငံက တရုတ်အစိုးရပိုင်သတင်းဌာန​တွေက​တော့ စစ်တပ်ဗုံးကြဲလို့ ဆီမီးထွန်း​နေတဲ့ပြည်သူအများအပြား​သေဆုံးခဲ့တဲ့သ​တင်းကို​ဖော်ပြကြတာမ​တွေ့ရပါဘူး ။

ကိုးကား-နိုင်ငံတကာသတင်းဌာနများ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားဖက်က လက်နက်ငယ်တွေနဲ့ ရန်စ ပစ်ခတ်တာကို ကြုံခဲ့ရကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်က ​ကျေးရွာသုံးရွာ ကို စစ်တပ်က တိုက်​လေယာဥ်သုံးစီးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲခဲ့တာ​ကြောင့် ကနဦးသတင်း​တွေအရ ပြည်သူ ၁၃ ဦး​ကထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ပြည်သူထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။