အောက်တိုဘာ-၁၁၊ ၂၀၂၅။ People’s Spring
မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်ကာလတလျှောက်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန် ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ ၂၀ က ပူးတွဲသတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ EROs၊ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ယူနစ်များနဲ့ အခြားသောကိုယ်စားပြုမှုအဖွဲ့များအပါအဝင် အဓိကပါဝင်ပတ်သက်သူတွေနဲ့ အာဆီယံဥက္ကဋ္ဌရဲ့မြန်မာ့အရေးအထူးကိုယ်စားလှယ်က တွေ့ဆုံပွဲတွေ တောက်လျှောက်ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့နေပြည်တော်ခရီးစဥ်အပြီးမှာ တော်လှန်ရေးအင်အားစုအဖွဲ့ ၂၀ က ‘မြန်မာ့အရေးအပေါ် အာဆီယံရဲ့ ပါဝင်ပတ်သက်သူတွေနဲ့ထိတွေ့ဆက်ဆံခြင်း(တူညီဆန္ဒ ၅ရပ်ဖြေရှင်းခြင်း၊ ဒီမိုကရေစီမြှင့်တင်ခြင်းနဲ့ စစ်တပ်အတုအယောင်ရွေးကောက်ပွဲတွေကို ငြင်းပယ်ခြင်း)’ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ မလေးရှားနိုင်ငံခြားဝန်ကြီး မိုဟာမက်ဟာဆန်က အောက််တိုဘာ ၉ရက်မှာ နေပြည်တော်ကို နေ့ချင်းပြန်သွားရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီဝန်ကြီးချုပ် ဦးညိုစော၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ တဖက်မှာလည်း မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်က အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ထိတွေ့ဆွေးနွေးမှုတွေ ရှိနေကြောင်း တော်လှန်ရေးအင်အားစုတွေက အသိပေးထုတ်ပြန်လာတာပါ။
အဲဒီလိုတွေ့ဆုံမှုတွေမှာ စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲတွေကို ငြင်းပယ်ရေး၊ တော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်ရေး၊ အာဆီယံရဲ့ပြတ်သားတဲ့အရေးယူမှု တောင်းဆိုခြင်း၊ လူသားချင်းစာနာမှုအကူအညီအရေးပါမှု၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ၊ ဒေသတွင်း တည်ငြိမ်ရေး စတဲ့အချက်တွေကို တော်လှန်ရေးအင်အားစုတွေက အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ဘယ်လိုရွေးကောက်ပွဲကိုမဆို ငြင်းပယ်၊ ငြင်းဆန်ပြီး တရားဝင်မှုမပေးဖို့၊ စစ်ကောင်စီက ဆက်လက်ကျူးလွန်နေဆဲ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် နှုတ်ဆိတ်နေမှုကို အဆုံးသတ်ဖို့၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့၊ စစ်ကောင်စီတပ် ကျူးလွန်မှုမှန်သမျှ တာဝန်ယူမှု/တာဝန်ခံမှု ရှိစေဖို့ စတဲ့အချက်တွေကိုလည်း အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံမှုတွေမှာ တောင်းဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီနေ့ ပူးတွဲထုတ်ပြန်လိုက်တဲ့ တော်လှန်ရေးအဖွဲ့ ၂၀ မှာ ABSDF၊ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်ရေးကော်မတီ-မန္တလေး၊ CNF၊ CRPH၊ Critical Movement၊ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၊ KPICT၊ KNU၊ KNPP/IEC၊ မကွေးဒေသတော်လှန်ရေးအဖွဲ့များကွန်ရက်၊ မန္တလေးဒေသလွှတ်တော်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ MMMCC၊ NUCC၊ NUG၊ NMSP(AD)၊ PNFC၊ RCC နဲ့ ရန်ကုန်လွှတ်တော်တို့ ဖြစ်ပါတယ်။
ဓာတ်ပုံ – ASEAN


















































